ဖြောင့်ညာညာ တဲ့ ဖြာ့ညောင်ညောင်

Monday, August 17, 2009

ကိုဂျင်ဝက်ဟာ စစ်သားတစ်ယောက်ဖြစ်ပါတယ်။
ဗီယက်နမ်စစ်ပွဲမှာ အရာရှိ ငယ် တစ်ယောက်အနေနဲ့ အမှတ် ၅ မရိန်းတပ်ရင်းမှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။ အမေရိကန်တိုက်ခဲ့တဲ့စစ်ပွဲတွေ တော်တော်များများရဲ့ ထုံးစံအတိုင်း ဗီယက်နမ်ကို ၀င်တိုက်ခဲ့တာလဲတရားသောစစ်ပွဲမဟုတ်ခဲ့ပါဘူး။

မတရားသောစစ်ပွဲမှာ ရွတ်ရွတ်ချွံချွံတိုက်ခဲ့တယ်လို့ ယူ ဆရတဲ့စစ်သားတယောက်တော့ဖြစ်သလို သူ ရ ထားတဲ့ စစ်ပွဲနဲ့ဆိုင်တဲ့ သူရဲကောင်း တံဆိပ်တွေကမနည်းဘူး။

ပြီးတော့ သူဟာ အမေရိကန်ရေတပ်မတော်မှာ Secretary of Navy အဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို စာအုပ်တွေ တော်တော်များများလည်း
ရေးခဲ့သူပဲ။အမေရိကားမှာ သူ့ ဟာနဲ့ သူတော့ အဆင့်နေရာတစ်ခု ကြွယ်ဝမှု တစ်ခု နဲ့ အလုပ်ဖြစ်နေတဲ့သူတယောက်ဖြစ်ပြန်သလို လူရိုသေရှင်ရိုသေထဲက တယောက်လဲဖြစ်ပါတယ် ။
သူ့ ရဲ့ ဇနီးအားလုံးဟာ သူ့ အဆင့်နေရာနဲ့သူ လူရိုသေရှင်ရိုသေတွေဖြစ်ပါတယ။် နောက်ဆုံး တတိယဇနီးဖြစ်တဲ့ ဗီယက်နမ် လူမျိုး ဇနီးကအစပေါ့။လေးစားဖွယ် ဂုဏ်ပုဒ်တွေနဲ့လူတယောက်ပါ။

သို့သော် သူ မြန်မာနိုင်ငံကိုသွားခဲ့တာရဲ့နောက်ပိုင်း သတင်းစာရှင်းလင်းပွဲက သူ့ စကားတွေကိုပြန်ကြည့်ကြရအောင်လား ။


"With respect to Aung San Suu Kyi, I don't want to take the risk of misrepresenting her views but I would say to you it was my clear impression

from her that she is not opposed to lifting some sanctions," Webb said.
"I can say it was my impression from listening to her in the conversation that there were some areas that she would be willing to look at," he told reporters in Bangkok.

အထက်ပါအတိုင်း ကိုဂျင်ဝက် က ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နှုတ်က ထုတ်ပြောခဲ့တဲ့ စကားမဟုတ်တဲ့  သူ့ ရဲ့ ဆန္ဒစွဲနဲ့ သူလိုရာလမ်းကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ သူ့ အမေရိကန် အစိုးရ လိုက်လာနိုင်အောင် ခင်းတဲ့ခြေခင်း ဖြစ်ပါတယ်။
ပိတ်ဆို့ ရေးတွေ ဖွင့်ဖို့ မဖွင့်ဖို့ ကို အကြောင်းအရာတစ်ခုအနေနဲ့ အလေးအနက်ထားပြီးကျုပ်မဆွေးနွေးပါဘူး။

ဒီနေရာမှာ ဆွေးနွေးချင်တာ အလေးအနက် ပြောချင်တာတချက်ပဲရှိပါတယ်။
နအဖ ကို မလိုလားသူတွေရဲ့ အမေရိကန် ကို အားကိုးမှု၊ အမေရိကန်အစိုးရသာ အာနိုးကြီးကို မျက်နှာအိုးမဲသုတ် စက်သေနတ်ကြီးလွယ်ခိုင်းပြီး မုဒိန်းတပ်ဖွဲ့ နဲ့  မိုးကျရွှေကိုယ်တွေလို လေထီးနဲ့ခုန်ချ နောက်တော့ ဘကြီး သန်း ကို ၀င်ဖမ်းရင်ဖြင့်ဘယ်လို...ရော့ကက်ကြီးနဲ့ ပျဉ်းမနားကိုလှမ်းပစ်လိုက်ရင်တော့ ဘယ့်နှယ်
အဲသလို အဲသလို စိတ်ကူးတွေယဉ်ကြတဲ့ လူတွေကတမျိုး ၊ အဲသလို တွေမလုပ်ပေးနိုင်ဘူးသိပေမယ့် နှစ်စဉ် အမေရိကန် က ချပေးတဲ့ ရံပုံငွေနဲ့ အလုပ်ဖြစ်နေတဲ့ ဆရာတွေက တဖုံ ပေါ့။

ခုတော့မြင်ကွင်းက ရှင်း သွားသလောက်ရှိပါပြီ ကိုဂျင်ဝက်ဆိုတာ အမေရိကန် အစိုးရရဲ့ တကယ့် စီနီယာ ကြီးတယောက်ပါ ။ အဲသလို စီနီယာ တယောက်က စကားပရိယာယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောဆိုခဲ့တာတွေ မဟုတ်ပဲ သူ ခံစားလိုက်မိတယ် အာရုံရလိုက်ပါတယ် လို့ လူလည်ကျပြီး နအဖ
နဲ့အကွက်ပေါင်းရွှေ့ ဖို့ လုပ်တဲ့ လုပ်ရပ်ကို ကြည့်ချင်းဖြင့် မရိုးသားတဲ့ ခြေကွက်တွေနဲ့ ယခု အိုဘားမား ရုံးအဖွဲ့ က မြန်မာ့နိုင်ငံရေးကွင်းမှာ ၀င်ကစားတော့မှာ သိပ်မြင်သာထင်သာလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကစားမှာလဲ ဘယ်အတိုင်းအတာအထိ ၀င်လာမှာလဲဆိုတာကတော့ နအဖ ဖက်က ဘာတွေ ပြန်ရွှေ့ ပေးမလဲ ဆိုတဲ့အကွက်အပေါ်မှာ အများကြီးမူတည်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပုံစံကျတဲ့ စစ်မှန်တဲ့  လမ်းကြောင်းပေါ်ကစတင်ဖို့ အမြဲ ကမ်းလှမ်း ပြီး ဖွင့်ထားပေးတဲ့ သူပါ ။

သို့ သော် အဲဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေး တံခါးကိုဖွင့်ထား ပေးတဲ့ အမျိုးသားခေါင်းဆောင် တယောက်၊ အနိုင်ရ ပါတီကခေါင်းဆောင်တယောက်ကို ခုလို ဖမ်းဆီးချုပ်နှောင်ဆဲ ဖြစ်နေတာကိုလဲ ကိုဂျင်ဝက်မြင်လျှက်သိလျှက် ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျရသူတွေထောင်ပေါင်းများစွာ
အကျဉ်းစခန်းတွေမှာရှိနေတာကိုလဲသိပါတယ်။ ၂၀၀၇မှာ သံဃာတွေကို အရှင်လတ်လတ်ပစ်သတ်၊ ခေါင်းရိုက်ခွဲ ၊ ဆွဲထိုး ၊ ခြေထောက်နဲ့  ဆောင့်ကန်လုပ်ခဲ့တာတွေကိုလဲသိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အတုအယောင်ကို အဓမ္မ လိမ်ညာပြီးလုပ်ခဲ့တာကိုလဲ သိပါတယ်။ အားလုံးကို သူ့ ဟာနဲ့ သူ သိပြီးသားဖြစ်သလို သူ မသွားခင်ကတည်းကလည်း CIA က Briefing ပေးပြီးသားဖြစ်ပါတယ်။

အမေရိကန် အားကိုးတဲ့ စိတ်ကူးယဉ်အိပ်ရာထဲက ဖိတ်စာအပြဲစနဲ့လူတွေအတွက်ကတော့ အထက်ကဆွေးနွေးချက်အတိုင်း ကို ဂျင် ၀က် ဟာ ဘာဆိုတဲ့ ရုပ်လုံးကို မြင်ကြမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန်ပြီ။ အမေရိကန်လဲ သူ့ အကျိုးစီးပွားအတွက် ပဲ ကြည့်တယ်။


တရုတ်လဲ သူ့ အကျိုးစီးပွားအတွက်ပဲကြည့်တယ်။ ကျန်နိုင်ငံတွေလဲ အလားတူပါပဲ။ သူတို့ အကျိုးစီးပွားအတွက် ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီက ရသမျှ ကို နှုတ်ယူ ထုတ်ယူသွားမှာတွေချည်ပါပဲ။ ဒီတော့ မမျှော်နဲ့ ။ ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား ပဲ မမှိတ်မသုန် လုပ်ကြသင့်ပြီလို့ ပဲသတိပေးချင်ပါတယ်။


တုတ်ကြီး တာဝတိံသာ

1 Comment:

Anonymous said...

ယက်တောတစ်ယောက်တော့ ပြန်မသွားခင် ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီး ၇ ယောက်က အရိပ်တကြည့်ကြည့် ကြည့်နေရဆိုပဲ ဖြစ်ပုံက။

နောက် ၁နှစ်ခွဲကြာရင် ၅၄ တက္ကသိုလ်ရိပ်သာလမ်းထဲ ဘယ်သူဘယ်နည်းနဲ့ ၀င်ဦးမလဲမသိ။