ဘာယဲ ဘယ်ယဲ နှင့် ရှားလိုက်တဲ့ဖြစ်ချင်း ကြွက်ပျင်းများသဖွယ်

Thursday, October 8, 2009

စိမ်းမှောင် အုံ့ ဆိုင်းနေသော သစ်ပင်တို့သည်ကား ယခုအခါ ရော်ရွက်ဝါတို့ ဖြင့် တချို့ စိမ်းဝါဖျော့တချို့ ၀ါလွင် ....ဤမှာဖက်ခြမ်းရှိ အကာသ လောကတခွင်သည်
လွမ်းမောဘွယ်ရာ ခပ်ပြေပြေဆေးသားဖြင့် ရေးချယ်ထားသော ဆောင်းဦးပန်းချီကားချပ်ပမာ...........။

အဲသလို အဖွင့်ကလေးနဲ့ ရာသီဥတုပြောင်းလဲလာပုံကို ရေးမည်ဟု စိတ်ကူးပြီး ရေးလက်စကို ခဏချကာ ကော်ဖီအိုးကလေးတစ်အိုးပြေးတည်လိုက်၏။
ထို့နောက် ငွေတောင်ဆေးပေါ့လိပ် ဖင်ပွပွလေးကို ထင်းရူးသေတ္တာလေးပေါ်တွင် တတောက်တောက် ဖမ်း ဆောင့်လိုက်ပြီး ကွန်ပြူတာအစုတ်ကလေး
ဖြင့် ဂူးဂယ်လ် စာမျက်နှာကိုဖွင့်လိုက်မိ၏။

ဘာရယ်မဟုတ် သတင်းလေးများတက်ဖတ်၊ ကာတွန်းလေးများ တက်ဖတ်၊ ဘာဝနာပွားစရာကလေးများတက်ရှာနှင့် အင်မတန်တော့ လောကဓါတ်ထွန်းကားမှု
အကျိုးက များလှပေ၏။

ဂူးဂယ်လ်တွင် မြန်မာ စာဖြင့်ရေးသားထားသော တရား နှင့်စပ်ဆိုင်သည့် စာစုကလေးများ ရှာကြည့်လျှင်တော့ ငြိမ်းချမ်းပေစွ ဟု သဘောတော်ရှိ အာရုံရသည့်အတိုင်း ဝေဒနာဆိုသည့် စကားလုံးကို ရိုက်ရန် သဝေထိုး အားစတင်၍ ရိုက်လိုက်မိသည့်သကာလ........... မြတ်စွာဖြား......
ကျွန်ုပ်၏ စက္ကုအာရုံကိုပင် သံသယဖြစ်မိလောက်အောင် ပေါ်လာသော စကားလုံးများ က ဖျားဖွယ်လိလိ...။
သို့နှင့် ကဲလေ ဥပေက္ခာပြုမှဖြစ်မပေါ့... ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမကာ ဝေဒနာကိုရိုက်ကာ ဟိုဟိုသည်သည် ကောင်းနိုးရာရာ ဓမ္မနှင့်စပ်ဆိုင်သည့်
အင်တာနက်စာမျက်နှာကလေးများကိုလည်ပတ်လိုက်မိ၏။

ထို့ နောက် လူမှုရေး ဆိုင်ရာ ဆိုသည့် စကားလုံးကို ရှာလိုသည့်စိတ်ဖြင့် လ ဆိုသည့် အက္ခရာကို ရိုက်လိုက်မိတော့ ... အိုး မိုင် ဂေါတောပလ္လင်...
ဘူးဘုရား...အာနန္ဒာ....။

ကျွန်ုပ်တို့ လူမျိုးများ ထိုကဲ့သို့ တက်ကြွစွာ ရှာဖွေ ထားကြသည့်စကားလုံးများပါပေတကား..။
သိလိုလျှင် ကျွန်ုပ် ပြောသည့် သဝေထိုး နှင့် လ ဆို သော အက္ခရာကို တလုံးချင်း တခါချင်း ရိုက်ရှာကြည့်လိုက်လျှင် ဂူး ဂယ်လ်မှ အကြံပြုသောစကားလုံးများကို
ဝက်တုတ်ကွေး တန်းဖြစ်ချင်စဖွယ် မြင်ရမည်ဖြစ်ပေ၏။

ကဲပါလေ.... ပုထုဇဉ်တွေပဲပေကိုး ဟု သဘောထားလျှက်၊ မိမိတို့မြန်မာစကားလုံးများကို တလုံးချင်း လိုက်ရိုက်လိုက်မိကာ ရေးလိုသည့် စကားပြေလိုလို
ဝတ္ထုလိုလို အစပျိုးမှုကလေးအား ဘေးချိတ်ကာ ဟိုဟိုသည်သည်ရှာမိရာက ဘာလဲ ဆိုသည့်စကားလုံးဆီသို့ရောက်သွားတော့၏။
နေရာပေါင်း ငါးသောင်းငါးထောင် တွင် ဘာလဲ ဟူသော စကားလုံးတွေ့ ရ၏။ ထို့ နောက် ဘာလဲ နောက်တွင် ပုဒ်ပိုဒ် တစ်ချောင်းခံကာ ဘယ်လဲ ထပ်ထည့်ပြီး
ရှာကြည့်လိုက်မိ၏။ ထိုအခါ နေရာပေါင်း တစ်သောင်းနှစ်ထောင့်နှစ်ရာ ရှိသော ဘာလဲ၊ ဘယ်လဲ ကြီးများ ပေါ်လာလေတော့၏။ထို့ အတူ ဘယ်လဲ ၊ ဘာလဲ ဆိုသည့်စကားစုကလည်း တစ်သောင်းနှစ်ထောင့် နှစ်ရာအတိ ဖြစ်ပြန်ပေ၏။


ပထမဆုံး မြင်ရာ ဆယ်ခု က ၊ ကိုဟ၀ှာ ဘာလဲ ၊ ဘယ်လဲ ။
မဟိုဒင်း ဘာလဲ၊ ဘယ်လဲ ၊ ဟိုဒင်းဟိုဟာ ဘာလဲ၊ဘယ်လဲ စသည်ဖြင့် ....ဘာလဲ ဘယ်လဲ ပါဝင်သော ခေါင်းစဉ်များ ဖြစ်ပေ၏။

ဒီတော့ ကျွန်ုပ်ငယ်ငယ်က အဘိုးဖြစ်သူ၏ ဓမ္မမိတ်ဆွေ လူ့ ဂွစာ အဘိုးကြီးများက တရားဆွေးနွေးမှုပြုသော ညခင်း ကင်းတဲ ပေါ်တွင် တောင်ဝှေးသိုင်း ကွက်ဖြင့် အဘိဓမ္မာကို လေးနက်သွေးထွက်စေသောကိစ္စအားပြန်သတိရမိ၏။


ဦးလှ နဲ့ ဦး ၀ ဆိုကြပါစို့...။
ဦးဝက အလောင်းဘုရား မဟုတ်သော်လည်း မုဆိုးဖို ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်၏။

ဆောင်းည ပိုင်းများရောက်လျှင် ကျွန်ုပ်တို့ ရပ်ကွက်ကင်းတဲ တဖြစ်လဲ ဆွမ်းချက်ဇရပ် ကြီးပေါ်တွင် လူစည်ကားပေ၏။
ရပ်ကွက်တွင်းရှိ သက်ကြီးဝါကြီးများက ညရှစ်နာရီမှ ဆယ်နာရီ ၀န်းကျင်အထိ ရေဒီယိုကလေးနားထောင် လျှက် စကားပြောကြ ၊ ဆွေးနွေးကြ မြဲဖြစ်၏။

ထိုညက ဦးလှ က ဗုဒ္ဓ၀ါဒ ဆိုင်ရာပုံတိုပါတ်စများ ကို ကျွန်ုပ်တို့  လူမမယ်များအား ဟောပြော ပို့ ချနေ၏။ ဦးဝ ကတော့ ထုံးစံအတိုင်း ရေနွေးအိုးမီးထိုးကာ မီးဖိုဘေး မှ ကုက္ကို ပင်အမြစ်ကြီးပေါ်တွင် တောင်ဝှေးကိုလက်နှစ်ဖြင့်ထောက်လျှက် ထိုင်နေ၏။

ပုံပြင်ကလေးကတော့ ရဟန်းတပါးက ခရီးသွား တဦးကိုတွေ့ ရာတွင်မေးသော ပုံပြင်ဖြစ်ပေ၏။ သိပ်တော့ မမှတ်မိတော့။
ထိုပုံပြင်အရ ရဟန်းက ခရီးသွားအားမေး၏ ။ ကျွန်ုပ်တို့ ခေတ်စကားဖြင့် လွယ်လွယ်ပြန်ပြောရလျှင်ဖြင့် ကား...

'ဟဲ့ ဒကာ နင် ဘယ်က လာ လဲ' ဟု ရဟန်းကမေး၏။
'ဘယ် ကလာမှန်းမသိပါဖြား' ဟု ဒကာကဖြေ၏။
ထိုအခါ ရဟန်းက ဆက်မေးပြန်၏ ။ 'ဒါဆို နင် ဘယ်ဒိုး မတုန်း '
'ဘယ်ညောင်းရမှန်းမသိကြောင်းပါဖြာ့' ဟု ဒကာကပြန်ဖြေ၏။
ဤတွင် သံသရာ ကိစ္စကို ဦးလှ ကအကျယ်တ၀င့်ရှင်းပြ၏။ ထို သို့ ရှင်းပြချိန်တွင် ရေဒီယိုကို စူးစူးစိုက်စိုက်နားထောင်နေသော ဦးဝ တယောက် မျက်စောင်းတထိုးထိုးဖြင့် ဦးလှ ကိုကြည့်နေသည်ကို မီးတောက် မီးရောင်တို့ ၏ အလင်းဖြင့် မြင်နေရ၏။

ဦးလှ က ကျွန်ုပ်တို့ အား ရှင်းလင်း ဆုံးမပြီးသည်နှင့် တပြိုင်နက်ထဲ ဦးဝ ကို ကြည့်ကာ လေသံမြှင့်၍ 'ဟေ့ င ၀ မင်း ဘယ်ကလာတုန်းကွ ' ဟု ခပ် သောသော မေးလိုက်၏။
ဦးဝက မဖြေချင့်ဖြေချင်ဖြင့် ဦးလှကို စိတ်ပျက် သော မျက်နှာပေးဖြင့်ကြည့်ပြီး 'အမေ့ ဗိုက်ထဲကဟေ့ အဖေ လည်နေကျလမ်းကြောင်းက နေ ခုန်ဆင်းလာတာ' ဟု ဖြေလိုက်၏။
ကျွန်ုပ်တို့  တသိုက်လည်း သိပ်နားမလည်သော်ငြား ဦး ၀ ၏ ဘုဆတ်ဆတ် ဖြေလိုက်ပုံနှင့် မျက်နှာပေးကြောင့် လိုက်ရယ်မိ၏။
ဦးလှက ဒီတွင် မရပ်သေး 'ဒါဆို နင် ဘယ်သွားမတုန်း' ဟု ဆက်မေးပြန်သေး၏။ ဤ တွင် ဦးလှ ကို ဦးဝကကြည့်ကာ ခပ်တင်းတင်း ပင် 'မင်းနှမ ဆီးသွားရာလမ်းကြောင်းကို ချောင်းပေါက်အောင်သွားပြီးရင် တော့ သချိုင်္င်းကုန်း က ဂိတ်ဆုံးဟေ့ ' ဟု ဖြေလိုက်သောအခါ
ပြုံးပြုံး ပြုံးပြုံးဖြင့် ဓမ္မကထိက လုပ်နေသော ဦးလှသည် မပြောမဆို ခုံဖိနပ် ကုန်းကောက်ကာ ဦးဝ၏ ပြောင်နေသော ထိပ်ကို ထုပါတော့၏။

ထိုညက ဦးလှရော ဦးဝ ပါ ထိပ်ကွဲ ခေါင်းပေါက်ဖြစ်ကာ တရား ဘာဝနာ ဆွေးနွေးပွဲလဲ လအတန်ကြာ ဆိတ်သုန်းသွားခဲ့တော့၏။
ကျွန်ုပ်တို့ ထက်အသက်ကြီးသော ကာလသားများက ထိုအချိန်မှစ၍ ဂစ်တာ တဒေါင်ဒေါင်ဖြင့် စောစောစီးစီး ကင်းတဲ ကို မောင် ပိုင်စီးခွင့်ရတော့၏။

ခုလည်း သတင်းဌာနအမျိုးမျိုး လူပုဂ္ဂိုလ် အထွေထွေတို့ ရေးသားသော ထို ဘာလဲ ဘယ်လဲ နှင့် ဆုံးသည့် ခေါင်းစဉ် များ ကို လိုက်ဖတ်ကြည့်ရင်း ဦးလှ အား ဦးဝ ဖြေသလို အဖြေမျိုးကို သံခမောက်ဆောင်းကာ ..မမေးပဲ ဖြေချင်စိတ်ဖြစ်လာမိပါတော့၏။ တကယ်တော့ ကျွန်ုပ်တို့ လူမျိုးများ ၏ ရှားပါးမှု ကား ပြောဖွယ်မရှိတော့ပေတကားဟု ပင် ဖြေတွေးတွေးရမည်အံ့ထင်၏။


တုတ်ကြီး တာဝတိံသာ

1 Comment:

ကိုပေါ said...

ဟား...ဟား..... သဘောကျသဗျာ။ သဝေထိုး နဲ့ လ ကတော့ တကယ် ဘုရားတလောက်သဗျိုး။