အမှန်တရားဝေးတဲ့ ကျန်ဝါးရေး
Wednesday, February 4, 2009
| final.mp3 |
ဟေ့ဘယ်သူလဲ...................။
တုတ်ကြီးပါကွ.......................။
မှောင်ထဲမဲမဲမှာ ထုံးစံအတိုင်း ကျွန်ုပ်တုတ်ကြီးတယောက် ဆေးသေတ္တာလေးကို ကိုင်ကာ နောက်ဖေးလမ်းကြားထဲမှ သုတ်သုတ် သုတ်သုတ် ထွက်လာစဉ်
ရပ်ကွက်ကင်းတဲမှ လှမ်းအော်မေးလိုက်သော အသံဖြစ်၏။
ကျွန်ုပ်တုတ်ကြီးသည် ဖွန်ကြောင်သလောက် သမာဓိပိုးဖြင့်လည်း မြီးကောင်ပေါက်ကလေးများ နား ပွတ်သီးပွတ်သပ်ဖြင့် လက္ခဏာကြည့်ပေးသလို ဗေဒင်တွက်ပေးသလိုလိုအချိုး ဖြင့်
လက်ကလေးကိုင်ရနည်းလား အနံ့ လေးရှူရ ရှုံးရိုးလား ဟူသော ဆင်ခြေကို ရင်ဝယ်ပိုက်ကာ ကြီးပြင်းလာခဲ့သည့်အလျှောက်အရွယ်ရောက်လာသော အခါ မီးယပ်နှင့်သားဖွားအထူးကုဖြစ်လိုစိတ် ပြင်းပျတော်မူလှ၏။
သို့ ကလိုဖြင့် ကျွန်ုပ်လည်း တိုင်းရင်းဆေးသိပ္ပံတွင် ဇာဒိဖ္ဖိုလ်သီး အကြောင်းသိကောင်းစရာ ကျမ်းတော်ကြီးကို ရေးပြီးသကာလ မြန်မာ့ရိုးရာ ဂိုင်နကော်လော်ဂျစ်ဘွဲ့ ကို ကိုယ့်ဟာကိုယ်ပေးကာ
ဒေါက်တာတုတ်ကြီး ဟူသော ဂုဏ်ပုဒ်ဖြင့် ခြုံဖုတ်တောင်အလွတ်မပေးပဲ နှိုက်တော်မူတော့၏။
တုတ်ကြီးတို့  ဘုန်းမိုးသို့ ချုန်း ပွေးပုန်း ရှိက လှန်ကာပြ မိန်းမဖြစ်စေ မငြင်းပေဘူး ဆိုသော ဆောင်ပုဒ်ဖြင့် တောင်ကုတ် အနီး မြို့ တမြို့တွင် ဆေးခန်းထိုင်နေခိုက် ............
၁၉၈၈ အရေးတော်ပုံကြီးဖြစ်လာ၏ ။ အဖြစ်အပျက်တို့ က အချစ်အတွက် သစ်ကွက် တခုလုံး လက်ညှိုးထိုးရောင်းမိသည့်တောခေါင်းပမာ သဘောကောင်းသော တုတ်ကြီး အတွက်
အကွက်ဝင်လာသည် ယင်းကား ၁၉၉၀ ရွေးကောက်ပွဲဖြစ်ပေတော့၏။
ပတ်ဝန်းကျင်က အမတ်မင်း ဟု ခေါ်တိုင်း ကျွန်ုပ် စိတ်ထဲတွင် တော့ “ အမတ် တုတ်ကြီး တုတ်ကြီးအမတ် ” ဟု မတ်မတ်ကြီး ကော့ကာ မော့မော့ကြီးကပ်နေမိတော့၏။
န၀တ ဆိုသည့်ကောင်စားများကလည်း စောက်ချဉ်မဟုတ် နောက်လင်ဦးဆောင်သည့်အဖွဲ့ဖြစ်သည့်အတိုင်း ကတိမတည် အာဏာမပေးတော့ မခက်ပေလော ...။
တုတ်ကြီးတို့ က တုံးတိုက်တိုက် ကျားကိုက်ကိုက် ကိုယ့်မကိုက်သမျှ ပေါ့လေ နော် အဟက်ဟက်ဟက်ဟက်. ဆို တော့ကာ သဘော အလိုမကျသဖြင့် တောခိုရမှဖြစ်မည်ဟုဆုံးဖြတ်ကာ
အိန္ဒြိယနယ်သို့  ထွက်ခွာကာ လက်သာရာ လုပ်ရင်း ဆက်လက် ရပ်တည်လျှက် ၀ါသနာကလည်း ရှိ တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း ဆေးကုသခြင်းလုပ်ငန်းကိုလည်း ကြုံသလို
ဆက်လက်လုပ်ကိုင်နေခဲ့၏။ အာရောဂျံ ပရမံလာဘံ လို့  အဆိုရှိပေသကိုး။
အိန္ဒြိယ ရောက် မာတုဂါမ များကလည်း အားကိုးရှာကြ၏။ ဒေါက်တား ဒေါက်တား ကျား မ နေးမကန်းဘူး ဖျားနေဒယ် ............. ကျွန်ုပ်ကလည်း ကန်းမလေး လာ ကွပ်ပျစ်ပေါ်တက် ပဲလက်လှန် ...
သို့ ကလို သို့ ကလို လက်စွမ်းပြမြဲ..........တတ်နိုင်ဘူးလဗျာ ဂိုင်နကော်လော်ဂျီနဲ့ ကျောင်းပြီးလာသကိုး ဗျ.............။
ဤသို့ ဖြင့် နှစ်ပေါင်းများ စွာ ကျွန်ုပ် အနေဖြင့် ဒက္ခိဏဒေသတွင် တကိုယ်ထဲ ဗိုလ်စွဲနေသော လွှတ်တော် ကိုယ်စားလှယ်ကြီးအနေဖြင့် နေပြီးသကာလ အရှေ့ ပိုင်းဒေသ မာတုဂါမ အခွင့်အရေးလှုပ်ရှား
မှုအတွက် ကမကထ ပြုသောအဖွဲ့ အစည်း၏ ဘဂျိုင်းနားဒေးအား တက်ရောက်ရန်ဖိတ်ကြားခံရသော်လည်း ပိုမိုအရေးလည်းပါ ကျွန်ုပ်တုတ်ကြီး၏ ၀ါသနာနှင့်လည်းကိုက်ညီသော
အာပွား လိမ်ညာဖုံးဖိပုံဖျက် ရေးရာ ဌာနကိုဦးစီးရမည့် ကျန်ဝါးရေး ၀န်ကြီးဌာန၏ ရုံးအဖွဲ့ မရှိသော ၀န်ကြီး အနေဖြင့် အမေရိကန် နိုင်ငံ တွင်နေသော ဦး သလင်း ပြောင်တို့  ကို ဘုလတို တို့ ဦးဆောင်သည့် အမျိုးသမီး ညွန့် ပေါင်း အစိုးရ ကကမ်းလှမ်းလာသဖြင့် ဒပ်ဘလင်သို့ ရောက်ခဲ့ရ၏။
Credential challenge ကိုထောက်ခံမယ်ဆိုရင် ကျုပ်ကတော့ နှုတ်ထွက်မယ် နော် ထွက်မှာပဲနော် တကယ်နော်...အဟုတ်နော် ထွက်မှာနော် ရဘူးနော် ထွက်ပစ်မှာပဲနော် ဟူသော ဦးသလင်းပြောင်၏ သွားမတိုက်သော ပါးစပ်မှ ပြောသော စကားကိုကြားသော်လည်း အစည်းအဝေးမှ ပြန်လာ ချိန်တွင် တကယ်ပင် ကျန်ဝါးရေးဝန်ကြီးဌာန ၏ ပြိုင်ဘက်မရှိဝန်ကြီးဖြစ်ပြီးသကာလ
ခပ်တည်တည်ဖုံးကွယ်ကာ ပဏာအပြည့်ဖြင့် ပုံ တုတ်ကြီး ကျန်ဝါးရေးဝန်ကြီး ဟူသော နာမည် ရာထူး ဖြင့် စာထုတ်ပစ်မည်ဟု ကြုံးဝါးလာခဲ့၏။
ထိုကြုံးဝါးမှုအတိုင်း........
ကျွန်ုပ်လဲ ကျွန်ုပ်၏ ကိုပီတာအစုတ်ကလေးကို ဖွင့် ပြီး မိုက်ကရိုဆော့ဖ် ၀ပ် ထဲတွင် တုတ်ကြီး ကျန်ဝါးရေးဝန်ကြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသမီးညွန့် ပေါင်းအစိုးရဟု မိန့် မိန့် ကြီးပြုံးကာ
ရဲရဲကြီးရေးချလိုက်ပါတော့၏။ ကျွန်ုပ်စိတ်ထဲတွင်တော့ အဟေးဟေး.... တကယ် အာဏာရပြီးရွေးကောက်ခံရတဲ့ ဘုရှ်တို့  အဖွဲ့တောင် မှ အလွန်ဆုံးရှစ်နှစ်ပဲ ဌာန လက်ကိုင်ရှိတာ ခွိခွိခွိဟု ရယ်ရင်း သဘောကျနေခိုက် ကျွန်ုပ်၏ ဇနီး ဖြစ်သည် မဒမ်တုတ်ကြီးက ၀က်ရူးတက်သည်အထင်နှင့် သူမ၏ ထွားကြိုင်းသန်မာလှသော လက်မောင်းကြီးများဖြင့် ချုပ်ကာ ကျွန်ုပ်၏လည်ပင်းအားလိမ်ချိုးလိုက်ပါတော့၏။
တုတ်ကြီး တာဝတိံသာ
Posted by Nyein Zay Oo at 1:17 AM 2 comments
ထမီအုပ်၍ လွှတ်လိုက်သည် (တကိုယ်တော် ပြောဇာတ် နားဆင်နိုင်သည်)
Saturday, January 31, 2009
| hta main oat yway ... |
လမ်းလျှောက် တုတ်ကလေးကို ရမ်းရင်း စမ်းတ၀ါးဝါးဖြင့်
နာမည်ကြီး ဂျပန် ရုပ်ရှင်ဇာတ်လမ်းထဲမှ မျက်မမြင် အနှိပ်သည် ဇာ တို အိချိ စတိုင်ဖြင့် တလှမ်းခြင်း လှမ်းဝင်လိုက်၏။
ထိုအချိန်တွင် ယခုကဲ့သို့ အူလှိုက်သည်းလှိုက်ရယ်သံကိုကြားလိုက်ရသည်မှာ..... "ဟဲဟဲဟဲဟဲ ဘယ်ရမလဲကွာ ငါတို့ ကအစကတည်းက ကြိုပြီးတော့ကြံထားတာ သိတယ်မဟုတ်လား မဲဆောက်က ကောင်တွေကိုလှမ်းပြီးတော့ ပြောထားပြီးသား မင်းတို့ ဝန်ကြီးဖြစ်ချင်သလား
မင်းတို့ ဝန်ကြီးဖြစ်ချင်တယ်ဆိုရင်တော့ credential challenge ကိုလုံးဝ ကန့်ကွက်ရမယ် ဒါပဲ "
ဟူသော စကား ဆုံးသည်နှင့် နေ့ မစေ့လမစေ့ ဥမှ ကွဲလာသော လိပ်ကို အခွံချွတ်ကာ ကတ္တရာစေးအိုးထဲ ဆောင့်ကန်ချထားသည်နှင့်တူသည့်
ရုပ်ဖြင့် ထိုသူက ခါးကြားမှ ဆောင်ဓါးကို အကြောင်းမရှိပဲ ဆွဲဆွဲ ထုတ်နေခိုက် ခပ်ညံ့ညံ့ ယာကူဇာ ဂိုဏ်းခွဲခေါင်းဆောင် နှင့်တူသည့် မျက်မှန် တပ်ထားသော လူက " ဒါက ဖြစ်သင့်တယ်လေနော် ... I think that's what I think and that I 'll think ” ဟု ရေချိုးရန် အမြဲ
ဝန်လေးတတ်သူ လူညစ်ပတ်လူပျင်းတယောက်၏ ဟန်ဖြင့် အသားလွတ် ၀င်ထောက်ခံပြန်၏။
ထိုအချိန်တွင် ခေါင်ရေဗူးကို လည်ပင်းတွင် ဆွဲလျှက် ငရုတ်သီး တောင့်ဖြင့် သွားကြားထိုးနေသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် မြို့နယ်အတွင်းရေးမှူးတဖြစ်လဲ တိုင်းရင်းသား ခေါင်းဆောင်ကြီး ခွန်နွားကိုကြံ က ဒါဝင်၏ သီအိုရီ မှန်ကန်ကြောင်း သူ၏ ကုန်းကွကွ
ပေကလပ်ပေကလပ် ဟန်ဖြင့် “ဒါကျုပ်တို့ ကလုပ်ဖို့ ရှိတယ်လေ လုပ်ဖို့ ရှိလို့ ကျုပ်တို့ လုပ်တာဖြစ်တယ်လေ ကျုပ်တို့ လုပ်တာဖြစ်ပြီးကျုပ်တို့ လုပ်တာပေါ့ ကျုပ်တို့ လုပ်တာကိုသူများဝင်လုပ်တယ်ဆိုရင် ကျုပ်တို့ လုပ်တာမဟုတ်တော့ဘူးဖြစ်သွားမှာပေါ့
ဘာပဲဖြစ်ဖြစ် လုပ်ဖို့ ကို တော့ကျုပ်တို့ လုပ်မှ လုပ်တာဖြစ်မှာပဲ လုပ်ကိုလုပ်ရမှာဖြစ်တယ်လေ ” ဟု ဘာကိုလုပ်မှန်းမသိသော လုပ် စီး ပေါ်လစီဖြင့် စီးစီးပိုင်ပိုင်လေးလေးနက်နက်ဆွေးနွေးလိုက်ပြန်၏။
အားလုံးတိတ်ဆိတ်သွားခိုက် မဲဆောက်နယ်မှ လာသော ပုဂ္ဂိုလ် တစ်ယောက်က အသားလွတ်ခြောက်ကပ်ကပ်ရယ်ကာ ယာကူဇာ ဂိုဏ်းခွဲခေါင်းဆောင်နှင့်တူသော လူ၏ အင်္ကျီခေါက်ရိုးကြားမှ ဂျီးတို့ ကို လျှာဖြင့်ကုန်းလျက်ကာ သန့် စင်ပေးပြီးနောက် ပြောလိုက်၏။
ဒီ... ဒီ လို ရှိတယ်ဗျ.... ခရက်ဒန်ရှယ် ချဲလင်းကို ကျနော့်တို့ မူအရ... ဟိုမှာ ခင်ဗျားတို့ 
သိတဲ့အတိုင်းပဲလေမဲဆောက်ဆိုတာ မူအရမထောက်ခံရင်လည်း အနေရအထိုင်ရကျပ်တယ်ဗျ သိတယ်မဟုတ်လား...အဲဒီတုန်းကကျနော်ဝန်ကြီးဖြစ်မယ်မှန်းမသိဘူးလေ ... မဟုတ်ဘူး
နေရာလိုချင်လို့ မဟုတ်ဘူးနော် ကျနော်တို့ က တိုင်းပြည်နဲ့လူမျိုးအတွက်အလုပ်လုပ်လာတာလေ ...ဟုတ်ဘူးလား ... အတိအကျပြောတာနော် နေရာလိုချင်လို့ ပြောတာမဟုတ်ဘူးလေ.. အဲဒီကိစ္စနဲ့ပတ်သက်လို့ မလုပ်ဖူး လို့ပြောပြန်လဲမဖြစ်ဘူး မဖြစ်ဘူးဟူးဟူး. ဒီတော့ မူအရပေါ်လစီအရ ဟိုလိုလို
ဒီလိုလို အင်္ဂလိပ်လိုပြောရင်တော့ဗျာ အကိုကြီးရာ Goat's Balls policy ပေါ့ဗျာ Goat's Balls policy ပေါ့ သိတယ်မဟုတ်လား... ခု ကျနော်တို့ အစိုးရသွားမယ့် ပေါ်လစီအတိုင်းပါပဲ ဟို နေရာလိုချင်လို့ မဟုတ်ဘူးနော်... နေရာလိုချင်တယ်ဆိုတာ အိပ်မက်ထဲတောင် ထည့်မက်ခဲ့တာမဟုတ်ဘူးနော် တိုင်းပြည်နဲ့လူမျိုးအတွက်နော်
အကိုကြီးတို့ လိုပဲနော်.... ဟု ပြောလိုက်၏။
အရက် တအိုး အကုန်ခန့်တွင် ရေချိန်ကိုက်နေသော ထို လူစုသည် ဆိုင်ထဲ မှ လေးလံ သောခြေလှမ်းများဖြင့် သိုင်းကွက်နင်းကာ ထွက်သွားတော့၏။
ကျွန်ုပ်တုတ်ကြီးလည်း ဖောက်သည်မရသည့်အဆုံး မထူးတော့ပါဘူး ဟု ဆုံးဖြတ်ကာ စိတ်ဝင်စားသည့်အလျှောက် ထိုသူ တစု အရက်ဆိုင်မှ ထွက်သွားရာနောက်သို့  တိတ်တဆိတ်လိုက်လံကြည့်ရှုရန် ခေတ်ပြိုင် လမ်းမကြီး ပေါ်သို့ တက်လာလိုက်တော့၏။
ထိုလူစုသည် ဇရပ်နှင့်တူသော အဆောက်အဦ တခုထဲသို့ ဝင်သွားသည်ကိုတွေ့ ရပြီး ကျွန်ုပ်ကလည်း ဇရပ် ဘေး နံရံနားကပ်ကာ ချောင်းနားထောင်နေမိ၏။ သူတို့ ပြောနေသောစကားများအားမကြားတချက်ကြားတချက်.....
ထို့ နောက် ” မီးဒို့ကောင်တွေ ဇာပဲ ပရော ပရော ငဒို့ ကဒေါ့ ထိုင်မကြေ့ နိုင်ဘူး လုပ် စရာ ရှေ့ ဆက်လုပ် မှာဘဲ ကြာ သ ကွာ” ဟူသော အော်ကျယ်ဟစ်ကျယ် အသံနှင့် အုန်းဒိုင်းဖုန်းခွပ် အွတ် ဗြွတ် စွတ် ဘွတ် ဟူသော အသံတို့ ကိုဆက်တိုက်ကြားလိုက်ရတော့၏။
နှင်းမြူတို့ သည် ဖြူဖွေးဝေ့၀ဲကာ တလိမ့်လိမ့်ကျဆင်းနေ၏။ ပတ်ဝင်းကျင်သည် အေးစက်ခြောက်ကပ်လျှက် .........ထိုအချိန်တွင် အဝေးကောင်းကင်မှ ငှက်တအုပ်သည် သုတ်သီးသုတ်ပြာ အရှေ့ ဖက်အရပ်သို့  ပျံထွက်သွားကြသလို ခပ်ဝေးဝေးမှ တောခွေးအူသံသဲ့သဲ့ကိုလည်းကြားနေရ၏။ ကျွန်ုပ်သည် မြင်ရလိုမြင်ရငြား နံရံပျဉ်ပြား ကြား သံပေါက်မှချောင်းကြည့်လိုက်ရာအဖွားကြီးတဦးက တောင်ဝှေးကို ဘယ်ဘက်လက်ဖြင့် ကိုင်လျှက် လက်နက်ပုန်းများတပ်ဆင်ထားသည်နှင့်တူသော နံ့သာဖြူယပ်တောင်ကို ညာဘက်လက်မှ တဖြေးဖြေးချင်းခပ်ကာ
”ကျမတို့ က တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်နေတာ လေ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်မလုပ်ဖူး
လို့ ယူဆရတဲ့လူတွေကို ပြတ်ပြတ်သားသား ဆက်ဆံရမယ်...
စု ပြောထား တာတွေရှိတာပဲ ရှင်တို့ လဲ ဒါကိုသိနေတာပဲ credential challenge တုန်းကလဲ ရှင်တို့ ကပျက်ယပျက်လုပ်တယ် ဒီမယ် ရှင်တို့  တွေ ဒီအသက်ဒီအရွယ်အထိ ရောက်နေပြီ ကလေး စိတ်နဲ့
သိပ်ကြောက်နေရင် ထမိန်ဝတ်ထားကြ ”
ဟု ပြောပြီးသကာလ ကိုယ်ဖော့သိုင်းပညာဖြင့် စွေ့ ကနဲတချက်ခုန်ကာ အူလှိုက်သည်းလှိုက်ရယ်မောပြီးနောက် နောက်ဂျွမ်းပစ်ကာ မည်သို့ လုပ်လိုက်သည်မသိ စောစောက အရက် ဆိုင်တွင် လေပေးနေခဲ့သော အုပ်စု တစုလုံးသည်သူမ၏ ဇောင်းပါတိတ် အောက်ပြားပြားမှောက်ကာ အကြောပိတ်ခံလိုက်ရပါလေတော့သတည်း။
တုတ်ကြီး တာ ၀တိံသာ
Posted by Nyein Zay Oo at 12:06 AM 4 comments
Labels: satire
အတိုင်းသား ငေး ရမယ့် အိုဘယ့် ဗဂျိုင်းနားဒေး
Sunday, January 25, 2009
ရာသီ ဥတု က မိုးပဲရွာတော့မလိုလို နေပဲပူတော့မလိုလို ဟိုလိုလို ဒီလိုလို နှင့် ....။
ကျွန်ုပ်သည် ရှမ်းဘောင်းဘီ ခါးကြားတွင် လိတ်ထည့်ထားသော ကွမ်း ယာ အထုတ်ကို ထုတ်ယူလိုက်ပြီး ဗမာဆေး နိုင်နိုင် ထုံးဖြူ အာမွှေး ကွမ်းတစ်ယာကို ပါးစောင်တွင်းသို့
ဖြေးဖြေး သာသာ သွင်းလိုက်ရင်း ငုံလိုက်၏။
ပြီးတော့ ရှမ်းဘောင်းဘီ ဘယ်ဘက် အစ ကို လိတ်တင်လိုက်ပြီး ဘေး ဘီကိုကြည့်လိုက်၏။
ခွေးတကောင်ကြောင်တမြီးမှ မရှိ အဆင်ပြေလိုက်သည့်ဖြစ်ခြင်း ..။
ခြံထောင့်သရက်ပင်ကြီးကို အားရှိပါးရှိ ချိန်ကာ ငယ်ငယ်ကအရံမီးသတ် တပ်ဖွဲ့  တွင် ဗိုလ်ကြီး ဖြစ် ချင်သော စိတ်ကူးယဉ်မှု မကုန်သေးသည့်အလား မီးသတ်သမား ကဲ့သို့ အိုက်တင်အပြည့်ဖြင့် အမြှုပ်တစီစီကျင်ငယ်
တို့ ကိုပက်ဖျန်း စွန့် ထုတ်ပြီးနောက် ကျက်သီး တချက်နှစ်ချက်ထကာ ဘယ်ညာ ခါရမ်း ပြီး သကာလ လက်နှစ်ဖက်ဆန့် ၍ သမ်းမိပါတော့၏။
ထို့နောက် ရှမ်းဘောင်းဘီ အတို တဖက် အရှည် တဖက်ဖြင့် အိမ် ဘေးနံရံ နားက မိုးရေခံ သော အင်တုံ ဆီသို့ သွားလိုက်၏။ ပြီးတော့ အုန်းမှုတ်ရေခွက်ကို ရိုးတံမှကိုင်ကာ အသာလက်ဆေးလိုက်၏။
ထမင်းဟင်းချက်ရဦးမည် ။ ဒီနေ့ တော့ ထုံးစံအတိုင်း ပဲ ပုတ်ထောင်း၊ မုန်ညင်းဟင်းချို ၊ ၀က်သားဆီပြန် ချက်မည်ဟု တွေးထားသည့်အတိုင်း နေလှမ်းထားသော ပဲပုတ် ဗန်းကို ပါ တပါတည်း သယ်ရင်း အိမ်ပေါ်ပြန်တက်လာခဲ့၏။
မီးဖို အပြင် ဖက် ရေ ကပြင်တွင် မုန်ညင်း ပင်များအား ကျကျနန ဆောင့်ကြောင့်ထိုင်ကာ ဆေးနေခိုက် ဘေး အိမ်က မတင်လှ နှင့် ကိုထွားကြီးတို့  သမီးများဖြစ်သော ရင်ရင်ထွား က သူ့ ညီမ တင်တင်ထွား နှင့် စွာကျယ် စွာကျယ် ငြင်းခုံသံတို့  အား အတိုင်းသားကြား နေရ၏။
“ဟဲ့ မိတင် ရဲ့ ငါ့ကို ဖိတ်တာဟဲ့ ” ဟု ရင်ရင်ထွား က မျက်စချီကာ ခပ်မာမာပြော၏။
“ အို.. မဟုတ်ပါဘူး မမရင် ရယ် ကျမကိုလည်း ဖိတ်ပါတယ်” ဟု တင်တင်ထွား ကလည်းမနိုင်ရင် ငါ ပြန်ငြင်း၏။
“ဟယ် ဒီကောင်မလေးတွေ ငါကလည်း ဘိုစာ ပဲစာ မတတ် ၊ ဒီတော့ နင့်အဖေ ကိုကိုထွားပြန်လာမှ ဘယ်သူ့ ဖိတ်တယ်ဆိုတာ သေချာမေး ညည်းတို့ မလဲ ဘိုစာလေး တတ်တယ်ဆိုမှ အဲဒီ အင်တာနက်နဲ့ ကွန်ပြူတာ ကို ပဲ လု သုံးလိုသုံး ငြင်းလိုငြင်းနဲ့ ဘာကောင်မတွေလဲမသိဘူး ဣနြေ္ဒ ကိုမရှိပါဘူးတော်” ဟု မတင်လှ က အော်ပြန်၏။ သို့ သော် မတင်လှကို မတွေ့ ရ ၊ သူ့ မီးဖို ထဲ ကနေ လှမ်းအော်နေပုံရ၏။
ကျွန်ုပ်တုတ်ကြီး မနေနိုင်တော့ ။ အရပ်ထဲ ဆူညံဆူညံ ဆိုလျှင် မျက်နှာပိုးသေသေလေးဖြင့် အသာ ထိုင်ကြည့်ကာ ပိုင်ပဟေ့ ဆိုမှ ၀င်ဝင် ဆရာလုပ်တတ်သော ၀မ်းတွင်းပိုးက ထ ထိုးပါလေတော့၏။
ဆောင့်ကြောင့်ထိုင် ပြီး မုန်ညင်း ပင် လေးတွေ ဆေးကြောနေရာမှ အပြီးထတာလဲ မဟုတ် ထိုင်တာလဲမဟုတ် တ၀က်တပျက် ကုန်းကုန်းကွကွ ဖြင့် ဆေးပေါ့လိပ်တိုကို ခဲ ထားရင်း ကွမ်း ငုံထားသော ပါးစပ်ဖြင့် ဟိုဘက်အိမ်ကိုလှည့်ကာ လက်က မုန်ညင်းပင် တစု ကို ကိုင်ရင်း “ဟဲ့.. ဟိုဘက် အိမ်က ညီအမ... နင်တို့ တွေ ဘာတွေငြင်းနေကြတာတုန်းဟ...သေချာ ဘာသာမပြန်တတ်ရင် ပြောလေ နင်တို့ ကလည်း သိပ်ခက်တာပဲ ငါတယောက်လုံး အိမ်နားကပ်နေတာကိုများ ခက်ပါပေတယ် ” ဟု အော်ပြောလိုက်၏။
မနူးမနပ် အငယ် မ တင်တင်ထွားက “ ဟယ် အန်ကယ် တုတ်ကြီး ရှိတာပဲ ဒီလို အန်ကယ်ရေ
ဒီလို .. ထွား တို့ ကို အင်တာနက်က နေ အီးမေးတစ်စောင်ပို့ တယ်တော့်..အဲဒါကို ထွား မမ ..
မမရင် က အတင်းပဲ ငြင်းနေတယ် သူ့ ကိုပဲ ပို့ တာပါတဲ့ မီးကိုဖိတ်တာဟုတ်ဘူးတဲ့” ဟု နှုတ်ခမ်း ထူထူ လေးကိုစူကာ ကနွဲ့ ကလျ မခို့ တယို့ အသံပြဲ အသံပြာဖြင့် အော်ပါတော့၏။
ကျွန်ုပ်ကလည်း ဆရာလုပ်ရန်ဂွင်ဝင်ပြီဟူသောအသိဖြင့် ချက်ဖို့ ပြုတ်ဖို့ ဆေးနေသည့် မုန်ညင်း ပင်များ အား စဥ့်အင်တုံထဲ ပြန်ပစ်ထည့်ရင်း “ ဟဲ့ ဒါလေးများ ဒါဆို ပရင့်ထုတ်လာခဲ့ဟေ့ နင်တို့ နှစ်ယောက်လုံး ဟာတွေကို ငါ သေချာ ကြည့်ပေးမယ် ” ဟု ပြန်အော်လိုက်တော့ လင်လိုချင်နေသည်မှာ တပိုင်းသေယုံမက ကိုးမား ပါ ဖြစ်နေပုံရသော အကြီးမ ရင်ရင်ထွားက “ ဦးတုတ်နော် ဦးတုတ် စကားကို ရှင်းရှင်းလင်းလင်းပြော ဘာ နင်တို့ နှစ်ယောက်လုံး ဟာတွေကို ငါသေချာ ကြည့်ပေးမယ်လဲ ဟွန်း” ဟု ကြာသံ ခရာသံအပြည့်နှင့်
နွားပိန်မ ပေါက်ဆိန်ဖြင့် အထုခံရသလို လှမ်းအော်ပါတော့၏။
ကွန်ုပ်တုတ်ကြီးကလည်း ရှက် ချင်ယောင်ဆောင်ကာ “ ဟွန် ....... ကောင်မလေးနော်လူကြီးကို လျှောက်နောက်နေပြန်ပြီ ” ဟူသော အသံနှင့် တဖက်ကလည်း ညီမငေးရယ် အကိုကြီး ကိုကိုတုတ် က အဲသလို မရည်ရွယ်ပေမယ့် ညီမငေး က ဂလို ဘာသာပြန်ပြီး ညုတုတုတွေလုပ်နေမှတော့ ဟူသော အတွေးနှင့် မိန့် မိန့် ကြီး ငေးနေလိုက်၏။
တင်တင်ထွားနှင့် ရင်ရင်ထွားသည် သူတို့ အိမ်တွင်းပြန်ဝင်သွားပြီးများမကြာမှီပင် တယောက်စာရွက်တရွက်ကိုင်ကာ နိမ့် တုံမြင့်တုံ ရင်အစုံဖြင့် ကျွန်ုပ်မစ္စတာ တုတ်ကြီး၏ မြင်ကွင်းသို့ တလှမ်းချင်းဝင်ရောက်လာကာ နောက်ဖေးလှေကားမှ တက်လာပါတော့၏။
အငယ်မ တင်တင်ထွားက စာရွက်ကို ကျွန်ုပ်လက်ထဲသို့ ထည့်ပေးလိုက်၏။ အကြီး မ ရင်ရင်ထွားက ကျွန်ုပ်၏ ဘယ်ဘက်ဘေး ပုခုန်းနားမှ သူ မ ၏ ရင်သားနှင့် ကျွန်ုပ်၏ လက်မောင်း ထိလုမတတ် ကပ်ကာ စာရွက်ကို ဘေးမှ ကြည့်နေ၏။ အို.... ရင်ဖိုရပါလား လကွယ် ခွိခွိခွိ ဟု စိတ်ထဲတွင်တွေးမိပါရင်း စာကို လေယူလေသိမ်း ဘုန်းကြီးကျောင်း ထွက်၏
ငပိ အက်ဆန့် ဖြင့် ဆပ် ဘဂျက် ကိုလုံ ဗဂျိုင်းနား ဒေး ဟေးဟေး ဟေး..........မှ အစချည်ကာ အောက်ပါအတိုင်း ခပ်တည်တည်ဖတ်လိုက်ပါတော့၏ ။
Subject:Vagina Day (V-Day) Supporters
Date:Tue, 20 Jan 2009 11:39:56 +0700
From:nai shwe
Dear V-Day supporters,
Thank you for taking an interest in our campaign to end violence
against women and girls. Tickets for our show are now on sale!! Our
poster is also attached.
Dates: Fri 27 February, Sat 28 February, Sun 1 March
Where: Patravadi Theater, Theater in the Garden (main stage)
Book before Feb 1 and get special prices!
Standard Ticket, 350B
Premium Ticket, 550B
VIP Ticket (includes dinner at the Theater before the show): 700B
We also have group discounts and student discounts (50%).
You can purchase tickets through Total Reservation by:
1. www.totalreservation.com
2. Call their call center, 02 833 5555
2. Go to one of their ticket offices in Paragon, Emporium, Mo Chit and
Victory Monument BTS stations, and other locations
All proceeds will go to Emergency Home, a safe house for women and
girls who have been raped or victims of violence. Our money will go
to the operations of their safe house and to initiate a new violence
prevention campaign.
Book now to reserve your seat to Bangkok's first V-Day production!
We'd also appreciate it if you could pass this information on to your
friends and family who may be interested.
All the best,
The V-Day Bangkok Team
--
Yours,
In peace
kmshwe
+ 66 87 5717 966
စာ အပြည့်အစုံကိုဖတ်ပြီးသကာ လ ကျွန်ုပ် မှာ ရင်တုန်ပန်းတုန်ဖြင့် ( စကား မစပ် ....ရင်တုန်တာတော့ဟုတ်ပါပြီ ၊ ဘယ်က ပန်းကတုန်တာလဲ မသိ) ရင်ရင်ထွား ၏ မျက်နှာလေး သည် နီရဲ ရှက်သွေးဖြန်းလျှက် ၊ တင်တင်ထွားကတော့ အလိုက်ကန်းဆိုးမသိ
“ အန်ကယ် တုတ်ကြီး အန်ကယ် တုတ်ကြီး ဗဂျိုင်းနား ဒေးဆိုတာ ဘာလဲ ဟင်” ဟု မေးပါတော့၏။
ကောင်းကင်ကိုကြည့်လိုက်တော့ အုံ့ မှိုင်းမှောင်ရီကာ တိမ်မဲ ညိုတို့  အနောက်ဖက်သို့  လေပြေနှင့်အတူ တငြိမ့်ငြိမ့် တလိမ့်လိမ့်ပြေးလွှားနေ၏။ ခြံစောင်ရင်း မန်ကျည်းပင်မှ မန်ကျည်းရွက်ငယ်တို့ တဖွဲဖွဲ တဖြေးဖြေး လေအဝှေ့ နှင့် တစိမ့်စိမ့်ကြွေ နေကြ၏။
ရင်ရင်ထွား၏ကိုယ်သင်းနံ့ကလေးသည် ပိုမိုသင်းပျံ့ လာသည်ထင်ရသလို သူမ၏ ရွှေ ရင်အစုံသည်လည်း လပြည့်ည ဒီ ရေလှိုင်းတို့ လို မို့ မောက် လှုပ်ရှား နိ မ့်မြင့်ဖြင့် ...။
“အိုဘယ့် ဖြားသခင် ....ဘဇာကြောင့် ကျွန်ုပ် တုတ်ကြီးအား ယခုကဲ့သို့ ကျဉ်းထဲ ကျပ်ထဲ အတင်း ၀င်ခိုင်းချင်ပါသနည်း” ဟု သော အာမေဋိတ်ကစိတ်အာရုံတွင် ပဲ့တင်ထပ်နေ၏။
တကယ်တန်းတော့ တုတ်ကြီးတို့ က ဘယ်လောက်ကျပ်ကျပ် ဘယ်လောက်ကျဉ်းကျဉ်း အရည်အချင်းအပြည့်ဖြင့် အချိန် ယူ ကာ ညင်ညင်သာသာ ၀င်နိုင်ထွက်နိုင် ကိုင်နိုင်တွယ်နိုင်သော အရည်အချင်း ရှိသည်ကို ဖြားသခင် သိသဖြင့် ယခုကဲ့သို့ စစ်ဆေးတော်မူလေသလော ။
“ဦးတုတ်....ဆို မေးနေတယ်လေ ဖြေလဲ အဖြေဘူး ” ဟု ရင်ရင်ထွား က နှုတ်ခမ်းထူထူကလေးကို စူကာ ဗေလုဝနှင့်နင်လားငါလား ထွားကြိုင်း သန်မာသော ကျွန်ုပ်၏ လက်မောင်းအိုး ကြီးများအား ခပ်ဆဆ လေး ဆွဲရင်း မေးပါတော့၏။
“ဟေ... ရင်ရင်ရဲ့ မင်း ဘာမေးနေသတုန်းကွယ့် ” ဟု ပြန်မေးတော့
“ကြည့်ပါလား သူများမေးနေတာဆို ဘာမေးလို့ မေးမှန်းကိုမသိဘူး ဘာတွေကိုအာရုံရောက်နေမှန်းမှမသိတာ ဦးတုတ် နော် ဦးတုတ် ”ဟု သူမ လေး က ညုလိုက်ပြန်၏။
“ ဟုတ်ပါဘူး ကွယ် သူတို့ စာအရ Tickets for our show are now on sale!! ဆိုလို့ပါ ရင်ရင်ရယ် အဲသလို ဆိုလို့ ပါ ” ဟု ကြေကြေကွဲကွဲ ကြီးဖြေချလိုက်၏။
“ ဟယ် အန်ကယ်တုတ်ကြီး ကြည့်ရတာ ဒီဖိတ်စာဖတ်ပြီးမှ ၀မ်းနည်းနေသလိုကြီးပဲ မမရင် ” ဟု အငယ်မ တင်တင်ထွား က မှတ်ချက်ချ၏။
ဗဂျိုင်းနား ဒေးမှာ ပြမယ့် ရှိုး ကို ဘယ်သူ စိတ်မ၀င်စားပဲ နေနိုင်မှာလဲ ကလေးတို့ ရယ် ဟု သာ အော်မေးပစ်လိုက်ချင်၏။ ဒီ တင်တင်ထွားလဲ တော်တော်အလိုက်ကန်းဆိုးမသိလေခြင်း ကွယ် ..........။
“ ဦးတုတ် ဦးတုတ် .... First V-day Production ဆိုတာဘာလဲမသိဘူးနော် ဘာတွေ ထုတ်မှာလဲမသိဘူးနော်” ဟု ရင်ရင်ထွား က ဖီလင်သံလေးဖြင့် အားတက်သရောမေးပြန်၏။
“အော်ရင်ရင် ရယ်... သူတို့ Show ကို production လို့ သုံးသွားတာဖြစ်မှာပေါ့ကွယ် ” ဟု ဖြေရင်း မယုံမရဲဖြင့် ငါရွှီးတာမှားကြောင်း ယခု လို....
“မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ အမျိုးသမီးတို့ ဖိနှိပ်ခံရမှု မှ လွတ်မြောက်ရေးရှေှး ရှုကာ
မိမိကိုယ် မိမိအားကိုးရေးစိတ်ဓါတ် စိုက်ထူမှုအရ မိမိတို့ အဖွဲ့ အစည်း၏ မူပေါ်လစီနှင့်အညီ
စမ်းသပ် အောင်မြင် အတည်ပြု ထုတ်လုပ်ထားသော Industrial strength ပုရိဿဖွားဖက်တော် အတု များအားလည်း ရောင်းချပေးသွားရင်းတပြိုင်နက်ထဲ ကမ္ဘာ့စားနပ်ရိက္ခာ ပြသနာ အား တချက်ခုတ်နှစ်ချက်ပြတ်ဖြေရှင်း ပေးသွား ပြီး ခရမ်းသီး သခွားသီး မျိုးတုန်းမှု ကိုလည်း ကာကွယ်ပေးပြီးသားဖြစ် မည်ဖြစ်ကြောင်း” ဟု သာ ထို ဗဂျိုင်းနားဒေး ပြပွဲတွင် ဗဂျိုင်းနား စင်မြင့်ပေါ်မှ ဗဂျိုင်းနား ပြသမှု ညချမ်းတွင် ကြေငြာလိုက်ပါက .... တုတ်ကြီးကိုယ်ကျိုးနည်းပါပေါ့။
သို့ တည်းမဟုတ်လည်း နအဖ စစ်တပ်၏ မုဒိန်းကျင့်မှုများမှ အပြစ်မဲ့တိုင်းရင်းသား အမျိုးသမီးငယ်များ လွတ်မြောက်ကင်းဝေး စေရန် နအဖ စစ်တပ် တစ်ခုလုံးအားဣထိယ ယောနိ အတုများ military issue အဖြစ် ထုတ်ဝေ ပေးနိုင်ရန် စတင် ရံပုံငွေရှာသော ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ချက်တခုဖြစ်ချင်လည်းဖြစ်နိုင်သေးသပေါ့ ဟု ဟိုဒီတွေးတောရင်း အနှီဗဂျိုင်းနားပြပွဲကြီးကျင်းပရာ ဘန်ကောက်ရွှေမြို့ တော်နှင့် အင်မတန်ဝေးကွာနေသော တုတ်ကြီးဘ၀ ကို ၀မ်းအနည်းကြီးနည်းမိရင်း ရင်ရင်ထွားနှင့် တင်တင်ထွားတို့ ညီအမ သူတို့ အိမ်ဘက် ပြန်လှည့်သွားသည့် လှပ ကျော့ရှင်းသော နောက်ကျောပြင်ကိုသာ ငေးရင်း ကျွန်ုပ်တုတ်ကြီးတယောက် ဘန်ကောက်သို့ ခရီးတထောက်ထွက်ရန် အားခဲမိပါတော့၏။
အဲ့.......ဟယ်..... over-used vagina ကြီးတွေ များ ပြပွဲ တင်ပြရင် ငါ့ ခရီးစားရိတ်ဆုံး တာပင် အဖတ် တင်ဦးမည် မဟုတ်လော ဟု ပြန်တွေးမိပြီးသကာလ စဥ့်အင်တုံထဲ မှ မုန်ညင်း ပင်လေးများအား ဆယ်ယူကာ မီးဖို ခန်းတံခါးဖွင့်လျှက် စတင်ချက်ပြုတ်ရန် ခပ်ကွင်းပြင်လိုက်မိပါတော့၏။
တုတ်ကြီး တာဝတိံသာ
Posted by Nyein Zay Oo at 5:04 PM 2 comments
Labels: satire
ဂျီမပါ အသာလှုပ်ပါတဲ့ ထိုကာတစ် ရယ် အိုဘယ့်နွားနှစ်
Sunday, January 11, 2009
လောင်စိန် တုတ်ကြီးတို့ လူမျိုးတွေအတွက်ကတော့ ယခုနှစ်သည် ထူးခြားသည့်နှစ်ဖြစ်ပေသည်။ ထုံးစံအတိုင်း အစီခံမပါသည့် ပြည်ကြီး ထုတ် စီးကရက်ကလေးတစ်လိပ်ကို ဘူးထဲကထုတ်ကာဆင်စွယ်စွပ်တံတွင်စွပ်လျှက် ရွှေသွား သုံးချောင်းပြူးပြဲနေအောင် ပေါ်နေသော နှုတ်ခမ်းထော်ထော် ပါးစပ်ပေါက်ထဲသို့ ထိုးသွင်းရင်း ပေသီးကို ဘယ်လက်နှင့် ခေါက်နေ၏။ မျက်မှန်အ၀ိုင်းကလေး
အပေါ်မှ ကျော်ကာ တလှမ်းချင်းလျှောက်လာနေသော ဆင်မယဉ်သာ ခြေလှမ်းဖြင့် အကြွေးယူနေကျ တလမ်းကျော်က မသိန်းစိန်၏ သမီး လေးကို မမှိတ်မသုန်လှမ်းကြည့်ရင်း စီးကရက်ကို အငမ်းမရဖွာလိုက်မိတော့ လောင်စိန်တုတ်ကြီး မီးခိုးသီးကာ အဟွတ်အဟွတ်ဖြင့် ဘောင်းဘီထဲ သေးထွက်သွားသည်ပင် ထင်ရပေတော့၏။
လောင်စိန်တုတ်ကြီးက လူကသာ တရုတ် အသားအရေက ဒီဇင်ဘာ လ ဆောင်းတွင်းမနက်တွေမှာ အငွေ့ တထောင်းထောင်းထနေလေ့ရှိသော ကောက်ညှင်းငချိပ်နှင့် က တဆင်တည်း။
ဒီတော့... လောင်စိန်တုတ်ကြီးကို အရပ်က ကွယ်ရာတွင် တရုတ် ငချိတ်ဟုခေါ်၏။ လမ်းထိပ်က ဆိုက်ကားသမားတွေက တရုတ်ချစ်တီးဟုခေါ်၏။ ရှိပစေတော့ မည်သို့ပင် ခေါ်ကြခေါ်ကြ လောင်စိန်တုတ်ကြီးက ဒီရပ်ကွက် ဒီမြို့ မှာ အကောင်။ အသပြာလေးကရှိ ။ အပေါင်းအသင်းက ပေါင်းတတ် ။ လာဘ်ကလေးကမြင် ။ မြန်မာလို ပီပီသသ ပြောနိုင်ပြီး မြန်မာတို့၏
အထာကိုနပ်၏။ ဒီတော့ လောင်စိန်တုတ်ကြီးတို့ လူတောတိုး၏။
ရပ်ကွက်ထဲ သာရေးနာရေးရှိလျှင်လည်း လောင်စိန်တုတ်ကြီးတို့က မသိချင်ယောင်မဆောင်။ တာဝန်သိ အိမ်နီးချင်း စိတ်အပြည့်ဖြင့် ရောက်နေကြ။ မသာဆိုလျှင် ကွာစိ ရောင်းရ၏။ညပိုင်းကာလသားများနှင့် တရုန်းရုန်း ဖဲဝိုင်းမှာ ချွေးပြန်ရ၏။ မင်္ဂလာဆောင်ဆိုလျှင်လည်း အနည်းဆုံး ရေခဲမုန့် သွားစားလို့ ဖြစ်၏။ ကိုယ်ဘယ်တော့မှ ပိုးလို့ မရနိုင်တော့သော သတို့ သမီးကို
ကြေကြေကွဲကွဲကြည့်ကာ လက်ဖွဲ့  စားပွဲ ကို ကွေ့ ရှောင်ရင်း ပြန်လာလို့ ဖြစ်၏။
တနေ့ သား မတော့ လောင်စိန်တုတ်ကြီးတို့ လမ်းထိပ်က အင်တာနက် ဆိုင်တွင် အမြဲတန်း နိုင်ငံခြား က ရည်းစားနှင့် စကားပြောလျှင် “ကိုကို... ကိုကို ... “ ဟု ဘေးဘီကို ဝေ့၀ဲကြည့်ကာအော်တတ်သော မလှမြိုင်၏ သမီး အာကျယ်မ တယောက် လောင်စိန်တုတ်ကြီး၏ ဆိုင်သို့ရောက်လာကာ ဈေးဝယ်၏။
“ ဦးတုတ်ကြီး ...အောင်မယ် သတင်းစာကို ဖတ်နေလိုက်တာတော် ဘာများထူးမှာမို့လဲ”
လောင်စိန်တုတ်ကြီးက ဘူးသီး လက်သည်းနှင့်ဆိတ် ထားသည်နှင့် တူသော သူ၏ မျက်လုံးများကို ထပ်မံမှေးစင်းကာ ပေစောင်းစောင်းကြည့်ရင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့်“ဟဲ့ကောင်မလေး လူဆိုတာ ခေတ်နဲ့အဆက်မပြတ်မှ .....နင်နားလည်လား ဒါမှ သူများနိုင်ငံတွေ ဘာတွေလုပ်လို့  ဒို့ နိုင်ငံဘာတွေဖြစ်နေတယ်ဆိုတာသိရမှာ“
“ဟားဟားဟား..ဦးတုတ်ကြီးရယ် သတင်းစာဖတ်တော့ ဦးတုတ်ကြီး နေ့ တိုင်းအလိမ်ခံရတာအဖတ်တင်မှာပေါ့ တကယ်သတင်းတွေသိချင်ရင် အင်တာနက် သာ အိမ်မှာတပ်လိုက် တကမ္ဘာလုံးက သတင်းတွေအကုန်သိ ရမယ် ” ဟု ပြောရင်း ယိုးဒယားမှလာသော ပုဇွန်မုန့် အထုတ် လေးထုတ်ကို ယူ ပြီး ပိုက်ဆံပေးချေရင်း အင်တာနက်ဆိုင်သို့ ပြန်သွားတော့၏။ ထပ်မံ၍ အရပ်စိတ်ပျက်အောင် “ကိုကို.... ကိုကို... “ ဟု အသံပြဲဖြင့် အော်ဦးမည်ဖြစ်ပေတော့၏။
သို့ ဖြင့် အာကျယ်မ၏ စကား နားဝင်သွားသော လောင်စိန်တုတ်ကြီးသည် ရန်ကုန်ရွှေမြို့ တော် တက်ကွန်ပြူတာစက်တစ်လုံးဝယ် ဘာညာဘာညာတွေနှင့်အလုပ်ဖြစ်အောင်စီမံရင်း
အင်တာနက်ဆိုသောဘဏ္ဍာ တိုက်ကြီးပေါ်ဖင်ခုထိုင်ကာသွေးကြီးသွားပါပေတော့၏။
ဤမှအစပြု၍ကျွန်ုပ်လောင်စိန်တုတ်ကြီး၏ပုန်းကွယ်တိမ်မြုပ်နေသောစာရေးသားလို
စိတ်ပြန်လည်ပေါ်ပေါက်လာရပေတော့သတည်း။ထို့ နောက် အကြောင်းကြောင်းကြောင့် ကျွန်ုပ်လောင်စိန်တုတ်ကြီး၏ အိမ်ဆိုင်ကလေးပြုတ်သွားပြီးအပြင်ထွက်ကာအလုပ်လုပ်ရသော
အခြေအနေသို့ရောက်ရှိလျှောဆင်းသွားရပြန်တော့၏။
--------------------------------------
ကျွန်ုပ်သည် တနေ့ တာ ပင်ပန်းကြီးစွာ ထမင်းတလုတ်အတွက်ရုန်းကန် လှုပ်ရှား ပြီး ငွေစကြေးစ ကလေးများရှာဖွေရ၏။
သားကျွေးမှုမယားကျွေးမှု မရှိသော်လည်း ကျွန်ုပ်၏ ခန္တာကိုယ် အတ္တဘောကြီး ဆက်လက်တည်တန့် ရှင်သန်နိုင်ရေးအတွက် စား ၀တ် နေ ရေး သုံးပါး ကိစ္စကိုဖြေရှင်းရန် အလုပ်လုပ်ရ၏။
ယခုညနေလည်းထုံးစံအတိုင်း အလုပ်မှနောက်ကျပြီး ပြန်ရောက်လာ၏။ အခန်းမီးကလေးကိုဖွင့်ပြီး လွယ်အိတ်ကလေးကို စာအုပ်စင်အပုလေးပေါ်တင်လိုက်ပြီးမီးဖိုမီးကိုဖွင့်ပြန်၏။ ထို့ နောက် အာလူး နှင့် မုန်ညှင်းဟင်းချို ကလေးကို နွှေးလိုက်၏။ ထမင်း အိုးကလေးကိုဖွင့်ကြည့်ပြန်တော့ ထမင်းမရှိတော့။ထမင်းအိုးကလေးကို သေချာ ဆေးပြီးနောက် ဆန်နို့ ဆီဗူး တစ်လုံး ထည့် ဆေးကာ တည်လိုက်၏။
အိမ်ရှေ့ ခန်းပြန်လာပြီး ကွန်ပြူတာကို ဖွင့် အင်တာနက်စာမျက်နှာများ အား ဖတ်ဖြစ်တော့...
NCUB က အစိုးရသစ်ထူထောင်တော့မည်ဟု နှစ်သစ်ကူးအထူးထုတ်ပြန်ချက် တွင်ဖတ်လိုက်ရ၏။
ထို့ ပြင် သမိုင်းဆရာမ လိုလို ဘာလိုလို အမျိုးသမီးတယောက်သည် ဓါတ်ဆီ ဈေးကြီးမြင့်ရသည့်ကြားထဲတွင် သူမ အကယ်ဒမီဖြစ်ရေးအတွက် နီးစပ်ရာ မြို့ များ၏ စာကြည့်တိုက်များမိတ်ဆွေများ၏အိမ်များသို့ သွားရောက်လည်ပတ်ကာ သူမ ကိုယ်သူမ မဲပေးနေသည်ကိုလည်းနတ်မျက်စိဖြင့်အိပ်မက် မက်မိပြန်လေသတည်း ။ အော် မိမိငဲ့ ......လွယ်နေတာကိုခက်အောင်လုပ်သည်
ကမ္ဘာကြီးတစ်ခုလုံးတွင် proxy server တွေပေါမှပေါ ။ကိုယ့်အိမ်က ထိုင်နေရင်း ကိုယ့်ဟာကိုယ် မဲ ပေါင်း
ထောင်ချီပေးလို့ ဖြစ်ရက်နဲ့ လကွယ်ဟု ငြီးငြူ မိပြန်၏။
ဒါက တော့ ကိုမောင်မောင်မြင့်တို့ အားရှိစရာပေါ့ ။
ဒီကြားထဲ အရိပ်သုံးပါး ကို ဘယ်သောအခါမှ နားမလည် သည့် ပုဂ္ဂိုလ်တို့ကလည်းသူတို့၏ စာမျက်နှာများတွင် အလကားမတ်တင်းကြေငြာကာ အကယ်ဒမီိစိတ်ကူးယဉ်ကြပြန်ရင်း တောင်ရှည်ပုဆိုးများ ခေါင်းပေါင်းများ အမှီဝယ်ရန်ကြံစည်နေကြပြန်၏။
စိတ်ထဲမှာ ဘီအမ်အေ ဥက္ကဌကြီး ဦး မောင်မောင်မြင့်တို့ အကြိုက် ကြိုတင်ဆင်ဆာ ဖြတ်ကာ တွေးလိုက်မိသည်က ”NCGUB က ဂီလာနတွေက ဘယ်နားသွား အနိစ္စရောက်နေလို့လူကြီးမင်းတို့ က
ဒီလို ဖွဲ့ ရတာတုန်း ...............“
ဟုတ်သားပဲ ခုလိုဆိုတော့လဲ နားဝင်ချိုသား NCGUB က သေခါနီးတွေက
ဘယ်သချိုင်းသွားသေနေလို့ဒင်းတို့ က ဒီလို ဖွဲ့ရတာတုန်းလို့ တွေးလိုက်ရင် ....
ဒါ ကြမ်းတမ်း နားဝင်မချိုသော စကား ဖြစ်သွားပေလိမ့်မည် ။စာပေ ဒေါသသင့်သွားပေလိမ့်မည်။
ဟုတ်ပေသကိုး ပျားသကာသို့ ချိုလှစေအပြင် တုတ်ကြီးဟု ရာဇ၀င်နှင့်အမည်တွင်သည့် ကျွန်ုပ်သည်
မိမိစိတ်ကိုမိမိ အတိအကျ ဆုံးမကာ ဆေးသကြားပါအုပ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်၏။
ထို ကြေငြာချက် ကိုသေချာ အနုလုံပဋိလုံဖတ်ရင်း NCUB မှ ဦးဆောင်သည့် Credential Challange ဆိုသည့်ကိစ္စကို သွားသတိရ၏။UN မှ Credential Challange ကို အစိုးရတစ်ရပ်မှ ပြုလုပ်လျှင်သာ အကြုံးဝင်သည် ဆိုသော သဘောရှိသည့် တုန့် ပြန် အကြောင်းကြားချက်ကို ကြားလိုက်မိဖူး၏။ အကယ်၍ အဲသည်ကာလက Credential Challange ကို အမေရိကား နိုင်ငံ ၀ါရှင်တန် မြို့တော်နေ အဝေးရောက်အစိုးရမင်းများ အနေဖြင့်သာ ကိုင်တွယ်လိုက်မည်ဆိုလျှင် အဖြေမည်ကဲ့သို့ထွက်မည်နည်း။
သို့သော် အဝေးရောက် အစိုးရမင်းများ မှ သီရိပျံချီ အဂ္ဂမဟာ အာပလာ ကျော်စွာ ဦးစိန်ဝင်း တို့ ဦးဘိုလှတင့်တို့ က ခင်ပွန်းလည်းရချင် သံဝါသ အပြုခံရမည်ကိုလည်း
ကြောက်သော ယင်ဖို မသမ်းဖူးသည့် အပျိုကြီး မူနေသည့် အချိုးဖြင့် အချိုသပ်ကာ မချင့်မရဲလက်ရှောင်ခဲ့ကြ၏။
NCUB က ယခုလို အစိုးရတစ်ရပ် အဖြစ်ဦးတည် သည့် ကြေငြာချက်အတွက် NCGUB အနေဖြင့် မည်ကဲ့သို့ စဉ်းစားထားသနည်း။
နအဖ စစ်အာဏာရှင်အဘယ်ကဲ့သို့ တုန့် ပြန်မည်ကို အသာခနထားလို့ ယခု ဒီဖက်ခြမ်းမှ အတိုက်အခံများ အနေဖြင့် အင်္ဂလိပ်ကြက်ဖ ဗိုလ်ကြက်ဖ ခွပ်ပွဲ ကို စတင်လိုက်သလိုများဖြစ်မနေဘူးလား။
NCUB မှာတော့ လက်နက်ကိုင်အင်အား ရှိသည်။ တပ်ရှိသည် ဟု သတ်မှတ်လို့ ဖြစ်သည်။ NCGUB တုန်းကတော့ ရှိသမျှ လက်နက်ကိုင်အင်အားစုများက အားကိုးတကြီး အရေးပေးချည်းကပ်စဉ်ကာလက
အာပလာကျော်စွာ ဘွဲ့ ရအမတ်မင်းတို့ က “အိုင်တို့ က အကြမ်းမဖက် ရေး လေ အိုင်တို့ က အိုင်တို့ က“ ဖြင့် အိုင်တွေ့ တိုင်းခြေဆေးရင်း ခြေအေးဝမ်းရောင်တွေဖြစ်ကုန်တော့၏။
အလုပ်မဖြစ် အနှစ်နှစ်ဆယ် ရှေ့ လည်းမသွား ဘေးလဲမထွက် နောက်လဲ မဆုတ် ခက်တာက ရှေ့ က ပိတ် နေယုံမကအသားကုန်ကလည်းဘုန်းပေးတော်မူရင်း
ကျမ်းမာရေးတွေစွတ်ကောင်းပြီးလေကလည်းလည်တော်မူ၏။
ဒီတော့ကာ နောက်ကလူတွေမဆိုထားနှင့် ၀န်းကျင်တခွင်ပါ နံတော်မူ၏။ ညွန့်  ပေါင်း အစိုးရ စဖွဲ့ သည့်နေ့က မွေးသည့်ကလေးပင်လူလားမြောက်ပြီး လူလူသူသူ ဖြစ်နေပေပြီ။ ကျွန်ုပ်တို့ ၏ အစိုးရမင်းများစည်းရုံးရေး ကောင်းမှု ဦးဆောင်မှု ပြောင်မြောက်မှုကရှိသည့် ၀န်ကြီးများပင် ပဲ့ထွက်ကုန်ကာ အသီးသီးအသက အသက ဆိုင်ရာပိုင်ရာ လုပ်ငန်းဆောင်တာလေးများဖြင့် စားကောင်းသောက်ကောင်းယုံ ရပ်တည်နေကြ၏။
သို့ သော် တဖက်တွင် တကယ်တန်း စိတ်ဓါတ်ရှိပြီးလုပ်ချင်ကိုင်ချင်သော အမတ် များမြောက်များစွာရှိသေး၏။ ထိုအနေအထားတွင် NCUB ၏ ကြေငြာချက်သည် လိုအပ်ချက်အရဖြစ်ပေါ်လာခြင်းဖြစ်၏။ သို့သော် ထိုလိုအပ်ချက်က ဘယ်အင်အားစု၏
လိုအင်ကိုဖြည့်ဆည်းပေးမည့်လိုအပ်ချက်ဖြစ်သည်ကိုတော့ကောင်းကောင်းတွေးဖို့ လို၏။
ထို့ ပြင်တ၀ တလျှောက်လုံး မဆလ ပါတီ ၏ တက်ကြွသောပါတီဝင်တယောက်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်တက်ဖြစ်ကာ ခေါင်ရေမူးရင်း အော်ကြီးဟစ်ကျယ်ထရမ်းပြန်၏။
အော်ဒုက္ခ .. ဒုက္ခ...။
အားလုံးထဲ လူနပ်ချမ်းသာ အမတ်မင်း ဦးဇီဝက တယောက်ကတော့ ကလောင်သွေးကာ အနောက်ဖက် ချောင် ကလေးက ထထ အော်နေသည်ကတော့ “သား..သား... ပါဘူး ..သား..သား ပါဘူး ” ဟူသတတ်။
ထိုအချိန်တွင် တရုတ်နှစ်သစ်ကူးကလည်းနီးလာပြီဖြစ်သဖြင့် ကျွန်ုပ်တို့  အာရှ တခွင်တွင် အကုန်လုံး နွား စိတ်တခုတည်းဖြင့် နှစ်သစ်ကို ကြိုဆိုရန်ပြင်ဆင်နေကြ၏။
ကျွန်ုပ်တို့ မြန်မာ့တပ်မတော်မှ ခေါင်းဆောင်ကြီး ဘကြီး ဦးသန်းရွှေတို့ ကလည်း ဒီကိစ္စမျိုးတွင်တော့ အားကျမခံပေ။
တရက်တွင် တရုတ်မှ အဆင့်မြင့်အရာရှိတဦး နေပြည်တော်သို့လာရောက်ကာ ဘကြီးဦးသန်းရွှေအကြိုက် တရုတ်နိုင်ငံလုပ် ဘိလိယက်ခုံတစ်ခုံ နှင့် ထိုးတံ တစ်ဒါဇင်လာပို့ ရင်း
ဘကြီးဦးသန်းရွှေနှင့်စကားလက်ဆုံကျကြ၏။ တရုတ် အရာရှိက ဘကြီးဦးသန်းရွှေ အား တရုတ်နှစ်သစ်ကူး တော့မည်ဖြစ်ကြောင်း ဘကြီးဦးသန်းရွှေအနေနှင့် အန်ပေါင်းပေးရမည်ဖြစ်ကြောင်း
ယခု နှစ်သည် နွားနှစ်သို့ ကျရောက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ၊ စင်္ကာပူ နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ တိုင်ဝမ်နိုင်ငံ နှင့် အခြားနိုင်ငံများတွင် နွားရုပ်များ နွား ပိုစတာများ နေရာအနှံ့ကပ်ကာ နွား နှစ်ကို ကြိုဆို မှုအတွက်ပြင်ဆင်နေကြကြောင်း ပြောလေတော့၏။
ဘကြီးဦးသန်းရွှေက မျက်ခုံးကိုပင့်ကာ ဘိလိယက်ထိုးတံထိပ်ကို လေးထောင့်မြေဖြူခဲဖြင့် ပွတ်ရင်း ပြန်ဖြေလိုက်၏။ “ မပူပါနဲ့ ... ကျုပ်တို့ ကလည်း နွားနှစ်မှာ အစီအစဉ်တွေရှိပါတယ် အဲဒီနိုင်ငံအားလုံးထက်ကိုသာစေရမယ် ဗျာ ..သူတို့က ပိုစတာတွေနဲ့
အရုပ်တွေနဲ့ပဲလုပ်တာမဟုတ်လား ကျုပ်တို့ မြန်မာက နွားနှစ်မှာ နွားဖြစ်အောင်ကို ပြင်ဆင်ထားပြီးသား ဆိုတာ ခင်ဗျားတို့ ခေါင်းဆောင်တွေကို ပြန်ပြောလိုက်ပါ ” ဟု ပြန်ဖြေလိုက်တော့သတည်း။
ထို့နောက် ဘကြီးဦးသန်းရွှေ ၏ အနားပြာတို့သည် တဆင့် စကားတဆင့်နားဖြင့် ဗိုလ်ချုပ်မှူးကြီး၏ အမိန့် ကို အမြန်ဆုံး နာရီပိုင်းအတွင်းအကောင်အထည်ဖော်ရန် အတွက် လမ်းညွှန်ချက်အသီးသီးပေးလိုက်ပြီး တညီတညွတ်ထဲ ၀န်ကြီးဌာနနှင့်တပ်မတော်အင်အားစုအားလုံးသို့
အမိန့် ရောက်လာသည်မှာ.....
ယခုနှစ်သည် တရုတ် လူမျိုးတို့ ရိုးရာအစဉ်အလာရ နွားနှစ်သို့ကျရောက်ပြီဖြစ်ပေသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး ၏ ဥပဒေထက်အာဏာတည်သော အမိန့် အရ သက်ဆိုင်ရာ အစိုးရဌာနအသီးသီး တပ်မတော်၏ တပ်ရင်းတပ်ခွဲအသီးသီးနှင့် ပြည်သူလူထုတရပ်လုံး အား ယခုကဲ့သို့ အမိန့် ချမှတ်လိုက်သည်။
၁။ မည်သည့် တယ်လီဖုန်း မြည်သံကို မဆို ပြန်လည်ဖြေကြားရာတွင် ဟယ်လို ဟု ထူးမည့်အစား ဘွတ်အဲ ဟုထူးရမည်။
၂။ မည်သည့် တပ်တွင် မဆို မနက်ပိုင်း လမ်းလျှောက်ရာတွင် ဘယ်ညာ ဘယ် ညာ ဟု အော်မည့်အစား ဘွတ်အဲ .. ဘွတ်အဲ ဟုအော်ရမည်။
၃။ မည်သည့် နှုတ်ဆက် စကားပြောဆိုမှုတွင် မဆို မင်္ဂလာပါ ခင်ဗျာ ဟု နှုတ်ဆက် မည့်အစား ဘွတ် အဲ.........ဟုအမျိုးသားများက နှုတ်ဆက်ရမည်ဖြစ်ပြီးအမျိုးသမီးများအနေဖြင့် .. ဘွတ်...အွတ်အွတ်..အဲ..ဟဲ့......ဟု နှုတ်ဆက်ရမည်။
ဟုဖြစ်လေတော့သတည်း။
ထိုအမိန့် ထွက်ပြီးနောက် ဘကြီးဦးသန်းရွှေသည် သူ၏ အိမ်တော်တွင် ထိပ်တန်းလျှို့ ဝှက်အစီအစဉ်ဖြင့် မည်သူမှ သိခွင့်မရှိအောင် တည်ဆောက်ထားသည့် လျှို့ ဝှက်အခန်းတစ်ခုကို ကုတင်ပေါ်မှ ရီမုကွန်ထရိုးဖြင့် ဖွင့်လိုက်ရာ အိပ်ခန်းနံရံကြီး သည် တကျွီ ကျွီ မြည်လျှက် ကောက်ရိုးများ နွားစာခွက်အရှည်များဖြင့် နွားတင်းကုတ်ကြီး တခုဘွားကနဲ ပေါ်လာ ကာ ဘကြီးဦးသန်းရွှေသည်ပြုံးပြုံးကြီးဖြင့် လေးဘက်ထောက်၍ “ အင်း ခုမှပဲ...........” ဟု ကျေကျေနပ်နပ်ကြီး မြည်တန်းဟစ်ကျွေးပြီးနောက်တလှမ်းချင်းဝင်သွားပါတော့သတည်း။
ထို့ အတူ ဂျီမပါသော NCUB နှင့် NCGUB ခေါင်းဆောင်များသည် မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ။ အားလုံးလိုလို ဦးထုတ်ကလေးများစောင်းကာ သူတို့ ၏ ချိုဇောင်းနေရာများသို့  ခဏခဏ မသိမသာ စမ်းစမ်းကြည့်ရင်း မြက်ခင်း ၊ ကောက်ရိုးပုံတို့ နှင့် ဝေးနိုင်သမျှဝေးရန် စိတ်အားကိုတင်းလျှက် ကြိုးစား နေကြပေတော့သတည်း။ထိုအချိန်တွင် ကျွန်ုပ်တုတ်ကြီးသည် အားလုံးကို လှောင်ကာ နှမ်းဖတ်ချဉ်ကို ရှောက်ရွက်ဖြင့်သုတ်၍ ထန်းရည် တစ်မြူ နှင့် ကောက်ရိုးပုံဘေးတွင်ဇိမ်ကျနေပါတော့၏ မကြာခင်ပင် အူမြူးချိုကြွမှုများအားမည်သို့မည်ပုံကျွန်ုပ်တို့မြင်ကြရမည်ကိုကား
ဆက်လက် စောင့်ကြည့်ရပေတော့မည်ဖြစ်ပေတော့သတည်း။
ထိုအချိန်တွင် ခေတ်မှီ ကွန်ပြူတာများဖြင့် ထိမ်းချုပ်မောင်းနှင်သော နွား နှင့် လည်ပတ်သည့် လျှပ်စစ်ဓါတ်အားပေးစက် စီမံကိန်းမှ နွားများသည်လည်း “အင်း....ခုမှပဲ ” ဟု သက်ပြင်းချကာ online တက်ရန်အားခဲကြပါတော့၏ ။ ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းကိုလည်း အကန့် အသတ်မဲ့ရပ်ဆိုင်းကာ တတိုင်းပြည်လုံး မြက် စိုက်ရန် အတွက် တာဆူနေကြပါလေတော့သတည်း။
တုတ်ကြီး ခေတ္တ တာဝတိံသာ
Posted by Nyein Zay Oo at 12:18 PM 0 comments
Labels: satire
mmblogpress.com အား ဆြာတုတ်ကြီး ဖောင်ဒေးရှင်းမှ ဆုငွေ တသန်းချီးမြှင့်ခြင်း
Thursday, December 25, 2008
ယခုတလော ကျွန်ုပ် ဆြာတုတ်ကြီး အလုပ်အင်မတန်များနေ၏။ မနက်ခြောက်နာရီ လော်ကယ်ရထားအဆိုက် ကုန်စိမ်း အမှီပို့ ရ၏။ ညခုနှစ်နာရီလောက်မှ ဆိုက်ကား ဂိတ်က အိမ်ပြန်ရောက်၏။
အိမ်ပြန်ရောက်တော့ ထမင်းလေးတအိုးချက် ဖြစ်သလိုလေး စားပြီးတော့ ဆောင်းအေးအေးမှာ စောင်စုတ်ကလေး ခြုံလျှက် မီးတိုင်မှုတ်၍ ကွေးပါတော့၏။
ဒါက စိတ်ကူးယဉ် version ပါ ဆိုက်ကားငှားပြီး မြို့ တပါတ်ပါတ် ပစ်လိုက်မည်ဟု အစောတလျှင် ကြုံးဝါးမထားပါနှင့်မိတ်ဆွေ။
မနက် ခြောက်နာရီ ထပြီး ရုပ်မြင်သံကြားမှ မနက်ခင်း traffic သတင်းကြည့်နေကြ။ ကွန်ပြူတာ လေးဖွင့်ပြီး မိတ်ဆွေအချို့ နှင့် ပြောနေကြ။
ဒီကနေ့ တော့ ခရစ္စမတ်အကြိုဆိုတော့ အလုပ်ပိတ်၊ ခရစ္စမတ်နေ့ လည်းအလုပ်ပိတ် သဖြင့် အေးအေးလူလူ နှစ်ပေထုရှိသော အိစက်ညက်ညောသည့်မွေ့ ယာကြီးပေါ်တွင် ဇိမ်ခံကာ Gtalk ဖွင့်လိုက်တော့
တယောက်သော သူငယ်မက mmblogpress ဆိုသည့် ဗမာ သတင်းသမဂ္ဂမှကြီးမှူးသည် ဆိုသော bloggers များအား မဲပေး ရွေးချယ် သူကောင်းပြုမည့် အင်တာနက်စာမျက်နှာတခုကိုလာပြ၏။
What a generosity?
oh....yeah.....philanthropically righteous idea!!! Oh My my.... စသည်ဖြင့် ကျွန်ုပ်၏ အတွေးထဲတွင် ငပိသံဖြင့် အာမေဋိတ်တို့ ပဲ့ တင်ထပ်သွားစေပါတော့၏။
BMA ဆိုပါလား ။ ကျွန်ုပ် ငယ်ငယ်က BMX စက်ဘီးပြိုင်ပွဲထိုင်ငေးရင်း ငါးကျပ်တော့ကောက်ရဖူးပေ၏။ ခုတော့ BMA ဘော်ချက်မှု ကိုထိုင်ငေးရတော့မည့် ကိန်းဆိုက်နေရင်း မိမိ၏ ဘလော့များ
သည် အနှီ အရင်းမစိုက် ရွှေဖြစ်ငွေဖြစ် ဖော်မြူလာဖြင့် အလုပ်ဖြစ်နေသော အဂ္ဂိရတ်သမားများ၏ Big Malicious Asses ဆိုသော အဖွဲ့ အစည်းကြီး၏ သားကောင်ဘ၀သို့ ရောက်မှန်းမသိရောက်သွားပေတော့၏။
ကဲ ... ဆန်းစစ်မှုတခုကို ဦးစံရှား ဆေးတံမငှားပဲ ခေါင်းပေါင်းဖြုတ်ခေါင်းကုတ်ရင်း စတင်ကြရအောင်လား ပရိဿတ်။
ကဲ .... စကြည့်လိုက်ရအောင်။
သူတို့ ၏ အင်တာနက်စာမျက်နှာမှ အကြောင်းအရာများ အား လေ့လာမိတော့....
MBAA အကြောင်း
MBAA 2008 (Myanmar Blog Academy Award 2008 Programme) အကြောင်း
(က) မြန်မာဘလောဂ့်လောက အတွက် အခြေအနေနှင့် အချိန်အခါအရ လိုအပ်သည်ဟု ယူဆမိ၍ ဤ MBAA ကို နည်းပညာ၊ သုတ၊ ရသပိုင်းများ ရေးသားဖြန့်ဝေရာတွင် နေရာတစ်ခု ရရှိနေကြသော မြန်မာဘလော်ဂါ လူငယ်တစ်စုက တိုင်ပင်သင့်သော သူများ၏ အကြံဥာဏ်များကို ယူ၍ စတင်ခဲ့ ပါသည်။
(ခ) MBAA ၏ လုပ်ငန်းဆောင်တာများအတွက် Myanmar Blog Press ဝက်ဘ်ဆိုဒ် (Domain,Hosting & Setup) ကို သတ္တမနည်းပညာရပ်ဝန်း (Technical 7) က ကူညီ ပံ့ပိုးပါသည်။ ဆိုဒ်ပြင်ဆင်မှုနှင့် လိုအပ်သော နည်းပညာကိုလည်း ၎င်းအဖွဲ့မှပင် ပံ့ပိုးပါသည်။
(ဂ) ဆုများ ပေးအပ်ချီးမြှင့်ရာတွင် အများ၏ ဆန္ဒမဲပေးမှု အဆင့်အတန်းအရ ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ၏ ဂုဏ်ပြုမှတ်တမ်းတင်လွှာ တစ်ခုစီနှင့်၊ မြန်မာ သတင်းသမဂ္ဂ ၏ အမှတ်တရ လက်ဆောင် ပစ္စည်း တစ်ခုစီ ဆုရရှိသူ ဘလော်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 Programme မှ အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
(ဃ) MBAA 2008 Programme သည် အခြား မည်သည့် အဖွဲ့အစည်း၊ ငွေကြေးကိစ္စများနှင့် လုံးဝ(လုံးဝ) ပတ်သက်မှုမရှိပါ။
ကျွန်ုပ်မေးလိုသည်မှာ (က) အဘယ်ကဲ့သို့ သော ဒေါက်တာ ဘွဲ့  ပိုင်ရှင်များက ယူဆ ကြသနည်း ။နေရာတစ်ခု ရရှိတယ်ဆိုသည် က အဘယ်ကဲ့သို့ သော နေရာဖြစ်သတုန်း။
(ခ) သတ္တမ နည်းပညာ ရပ်ဝန်းနှင့်ပတ်သက်၍ တော့ မသိ မပြောလိုပါ wordpress CMS သုံးထား တာကိုတော့တွေ့ ရပေ၏။
(ဂ) အမှတ်တရလက်ဆောင်ပစ္စည်းများကို နေထိုင်ရာမြို့ ရွာ နိုင်ငံအရောက် အခမဲ့ပို့ ဆောင်သွားမည် ဆိုပဲ ။ ပြည်တွင်းမှ နအဖ ဆန့် ကျင်ရေး ရေးသားနေသော ဘလော့ဂါလူငယ်များ အား ဆုများပေးပြီးလျှင် အင်းစိန်သို့ ပါအခမဲ့ပို့ ဆောင်ပေးမည့်
အစီအစဉ် က အပိုဆုအဖြစ် ပါလာမည်လော ။
(ဃ) လေးစားပါ၏။ မိမိတို့ ၏ တကယ့် ချွေးနှဲစာဖြင့် ယခုလို ပေးကမ်းစွန့် ကြဲသည်ဆိုလျှင်တော့တနှစ်လုံး အလုပ်လုပ်မှ ဒေါ်လာ တသိန်းမရသေးသော တုတ်ကြီးတို့ အိပ်မက် လှလှမက်ရချည်သေးရဲ့။
---------------------
ရည်ရွယ်ချက်
MBAA Programme ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပခြင်း ဖြစ်ပါသည်။
(က) ဘလော့ဂ်ကို အားတက်သရော ရေးသား၍ အနုပညာ၊ အသိပညာများကို ဖြန့်ဖြူးပေးနေသူများအား အသိအမှတ်ပြုရန်။
ဘလော့ကို အားတက်သရော ရေးသား၍ အနုပညာ ၊အသိပညာများကို ဖြန့် ဖြူး ပေးနေသူများအား အသိအမှတ်ပြုရန် ဆိုပဲ ။ ကျွန်ုပ်နာမည် ပေါင်း ဆယ်ခုကျော်ဖြင့် တနှစ်အတွင်း ဆောင်းပါး ၊ကဗျာ ၊သရော်စာ ၊ပန်းချီ ၊စသည်ဖြင့် ဖန်တီးမှု ငါးရာကျော် ရေးခဲ့၏။
ဘယ် ခွေးမသား တကောင်တမြီး၏ အသိအမှတ်ပြုမှုအတွက်မှရေးခြင်းမဟုတ်။ တခြား သော စာရေးဝါသနာပါသူ လူငယ်များ အနေဖြင့်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကောင်းဖြစ်မည်ဟုယူဆ၏။
(ခ) မြန်မာ အင်တာနက် လူမှုအသိုင်း၏ သုတ၊ ရသ ဖြန့်ဖြူးမှု အခန်းကဏ္ဍကို မှတ်တမ်းတင်ထားရန်။
ဘလော့ဆိုသည်မှာ ပိုက်ဆံမပေးနိုင်တော့လျှင် domain name expire ဖြစ်သွားသော ကိစ္စမဟုတ်။ webspace ကို Delete လုပ်ခံလိုက်ရမည့်နေရာမဟုတ်။ သွားလေသူ ဖိုးဇေ၏ ဘလော့ ။ နအဖ ဖမ်းဆီးခံလိုက်ရသော နေဘုန်းလတ်တို့ ဘလော့ပင် ဆက်လက်ရှင်သန်နေ၏။ သူ့ ဟာနှင့်သူ အင်တာနက်တွင် ဆက်လက်ရှိနေမည့်ကိစ္စဖြစ်၏။ အော် လေးစားဖွယ် ရွှေဥာဏ်တော်များပေကိုး။ ထို့ ပြင် တခု မေးလိုသည်က လူမှုအသိုင်း ဆိုတာ ဘာတုန်း လဗျာ။
(ဂ) မြန်မာ ဘလောဂ့်လောကကို ပိုမို နီးကပ် စည်းလုံးမှု ရရှိစေရန်။
ထိုအတွက် မြန် မာ့ရိုးရာ ပွေးညှက်နှင့်ကျွဲကော် သင်ကြိုက်ရာရွေးနိုင်ပါပေ၏ မိတ်ဆွေ ။ ခေတ်ဆန် မော်ဒန်ဖြစ်လွန်းချင်ပါက ဆူပါဂလူး ရှိပါပေ၏။
(ဃ) အနည်းဆုံးအားဖြင့် မြန်မာဘလော်ဂါများ ရင်းနှီး ပျော်ရွင်မှု ရစေရန်။
အနည်းဆုံးအားဖြင့် မြန်မာ စာရေးသားသူအများ အနေဖြင့် ရင်းလည်းရင်းနှီးပျော်လည်းပျော်နေကြပြီးသားဖြစ်ပါ၏။ ကိုရင်တို့  ဘရာစီယာကလစ်ဖြုတ် အတင်း ကလိထိုးမှ အဟင့် ခစ်ခစ်ဖြစ်ကြမည့် သူများ တယောက်မှမပါပါ။ ပါချင်လည်း ပါပေမပေါ့ဒါကတော့
တုတ်ကြီးမစမ်းသပ်ဖူးသေးသော ကိစ္စ ။ လေးစားပါပေ၏။
(င) နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ် ဘလော်ဂါများနှင့် ရင်ဘောင်တန်းနိုင်ကာ အရည်အသွေးနှင့် အရည်အချင်း အရပါ ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်။
နိုင်ငံတကာရှိ ပရော် ဖက်ရှင်နယ် ဘလော့ဂါများနှင့်ရင်ဘောင်တန်းရန်အတွက် ခြောက်လက်မရှိသော ဒေါက်ဖိနပ်များ အား ၀ယ်စီးရင်း နှင်း ကျသည့် ညတွင် ခြေကျိုးသွားသော ဘလော့ဂါမလေးများပေါ်ပေါက်လာလျှင်အသင်တို့ ဆေးကုသပေးပါမည်လော။
To be internationally professional bloggers , shouldn't we write in English ? လိုပါသလား ထိုကိစ္စကရော..........။
After all, Who are you dudes ? , do we actually need to care and be judged by a bunch of rascals from so-called BMA?
အထက်ပါအချက်အလက်များကတော့ ကျွန်ုပ်၏ စိတ်ထဲ ဖရိုဖရဲပေါ်လာသော မေးခွန်း အနည်းငယ်သာဖြစ်ပေသေး၏။ တကယ်တော့ တုတ်ကြီးဆိုသည့် ကျွန်ုပ်သည် ဘလော့ဂါမဟုတ်။ အင်္ဂလိပ် အဘိဓါန် ပြန်ကြည့်ပါဟုပြောလာလျှင်လည်း
quote blogger unquote မဟုတ် ဟု သာ ရိုးရိုးဖြေမည်ဖြစ်ပါသည်။ ကျွန်ုပ် စာ ၊ ကဗျာ ၊ ဟာသ တို့ အား နာမည်အမျိုးမျိုးဖြင့် ဘလော့တော်တော်များများတွင် ရေးသားသလို လူငယ် ထုနှင့်လည်း ပြောဆိုပတ်သက်မှုရှိပါပေ၏။
ထိုလူငယ်ကလေးများသည် သူတို့ ၏ တဦးချင်း၏ true identity ကို ဖော်ထုတ်အသိပေးပြီးမှ ထိုဆုဆိုသော အရာကို ယူ ရမည်လော။ မိမိအိမ်လိပ်စာ မိမိအမည်အရင်း မိမိ ၏အကြောင်းကို ဖွင့်ချပြရမည်လော။
BMA ဆိုသဖြင့် BMA မှ ပါဝင်သူများဖြစ်သော ကိုသာမညတို့ တွေလည်း မသိကြ။ သို့ သော် BMA ဆိုသော ဟာကြီးကလဲပြူးပြဲ တွဲလွဲ ဖြင့် ညာဘက် အောက်ဆုံးတွင် မြင်နေရပြန်ပေ၏။
တို့ တာဝန်အရေး အပါး များစွာဖြင့် ကိုးပါးဆေး က ပင် ပါပါးခေါ်ရလောက်အောင် များပြားသော အပါးအပါးတွေနှင့် နီရဲပြူးပြဲ လှသော စာမျက်နှာတစ်ခု အဘယ်အတွက် ကြောင့်ပေါ်လာသည် ၊ ထို စာမျက်နှာ၏ ဆုပေးပွဲအစီအစဉ်နောက်တွင်
မည်ကဲ့သို့ သော ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေရှိသည်ကိုတော့ ကျွန်ုပ်မသိချင်ပါ ဂရုလည်းမစိုက်ပါ။ သို့ သော် ကျွန်ုပ်၏ စာမျက်နှာနှစ်ခုအား ဖြုတ်ပေးပါရန်ကိုတော့ စာရေးအကြောင်းကြားထားပြီးဖြစ်သော်လည်း ယခုထိ မဖြုတ်ပေးသေးသည်ကိုမြင်ရပေ၏။
သို့ ဖြစ်စေကာမူ ကျွန်ုပ်၏ တုတ်ကြီး ဖောင်ဒေးရှင်းမှ ဂရုဏာ စေတနာဗရပွဖြင့် ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းသော mmblogpress ကို ငွေသား တသန်းတိတိချီးမြှင့်လိုပါကြောင်း မဲပေးရွေးချယ်ရန်ပင်မလိုပဲ ကမ်းလှမ်းလိုက်ပါသည်။
မှတ်ချက် ။ ။ ဇင်ဘာဘွေ ငွေတသန်းဖြစ်ပါသည်။ ထိုငွေတသန်းကိုလဲ မူဂါဘီ ထံတွင် project ရေးကာတင်တောင်းထားနေဆဲဖြစ်ကြောင်း ကြိုတင် မညာတမ်းအသိပေးအပ်သကဲ့သို့  မိမိအားလည်း ကိုကိုတုတ် ဟု ခေါ်ရန်မလိုပါ ။ မိတ်ဆွေသင်္ဂဟများအားအတင်း ရော အဓမ္မရော “မီးကို မဲပေး မီးကို မဲပေးနော် .. ဟွန့် ချိတ်ချိုးပစ်မယ် မပေးရင် ဒါဘဲ ဒါဘဲ ” ဟု အပူကပ်စရာမလိုပါ ။
တုတ်ကြီး ခေတ္တ တာဝတိံသာ
Posted by Nyein Zay Oo at 2:15 PM 7 comments
Labels: satire
အမျှ အမျှ မျှ ယူ ကြ
Tuesday, December 2, 2008
အမတ်မင်းများကလည်း ကျလိကျလိဖြစ်နေကြပုံပေါက်၏။
ဖြစ်ပျက်နေကြပုံက သွေးဆုံးမှ ကလေးလိုချင်တဲ့ မုဆိုးမ ညနေမှောင်ရီတရော ရွာထိပ်ထွက် ပြီး ညောင်စောင့်နတ်ထံ discount ချသားဆုပန်တော့မည့်ဟန်ဖြင့်။
“မင်းကြီးများ....”ဟု ကိုရင်သန်းရွှေက ဗိုက် ပင့်ကာ ဘိုကေ ဆိတ်ချေးပုံလောက်နှင့် အော်လိုက်လျှင် “ ဖြား....” ဟု ယောင်ယမ်းထူးဖို့ အထိတောင်မှ စိတ်ကူးက
ယဉ်ထားကြပုံ။
”ရှင်း..ရှင်း..ပြောပါလား...ရှင်းရှင်းပြောပါလား ခပ်ရှင်းရှင်းပြောကွယ်...” ဟု ဟေမာနေ၀င်း
ဆိုခဲ့သလို ဆိုပြီး မေးရမည့်ပုံ ပါပဲလား ဦးရယ်။
ဦးသိပ်ဆိုးတယ်.. ဦးဟာလေ... လူနားလည်အောင်လည်းအပြောဘူး အပြောလဲပြောချင်သေးတယ် ဟု နန္ဒာလှိုင်က သွားလေသူ ဗိုလ်ကြောက်မြင့်အောင်ကြီး၏
ဆာဒူးကြီးတန်ခိုးမပြသည့် သွားကြားထိုးတံကိုကြည့်ရင်း ညည်းသလိုပဲညည်းရတော့မလို။
ဦးတင့်ဆွေတို့ ရေးပုံဖတ်ပြီး ဘာကိုနားလည်ရမှန်းမသိ။
သရော်စာ ဆိုသည်မှာ သရေစာလို မဟုတ်သဖြင့် ဗိုက်လည်းမပြည့် ပါးစပ်လည်းမညောင်း ။ မှန်ပေ၏။
ဦးတင့်ဆွေကရေဖြည့်ပေးစေချင်ပါသည် ဆိုသည့်ခေါင်းစဉ်ဖြင့်မေတ္တာရပ်ခံလာ၏။
အင်မတန် လျှော်ကန်သင့်မြတ်လှသည့်တောင်းဆိုချက်ပါပရိဿတ်။ transparency ရှိခြင်းဆိုသည်နှင့် ၀ိုင်းဝန်းဖုံးကွယ်ခြင်းဆိုသည့်ကိစ္စကိုတော့ အလေးအနက်စဉ်းစားပါ ဘဘ။
ဗိန္ဓောဆရာ၏ ငန်းနီကျော်ဖြင့် ဦးနှောက်ကအကြိတ်ကိုကုမရနိုင်ပါ။ အာနိုးကြီး ဗိုက်ပူကာ ကလေးမွေးသည်ဆိုလျှင် တော်ပေသေး၏။ ဘိုင်စကုတ်ထဲကြည့်လိုက်ရသကိုးဒါကတော့။
မြို့မေတ္တာခံယူတဲ့ သားတွေက... အလိုဗျာ....မြို့ မေတ္တာခံယူတဲ့သားတွေက ...
မယားတွေရ (ဗေဒို့ ပို့ ပတ်) မယားဟားဟားတွေရ .... ကားတွေ ရ....(ပတ်တတ်တတ်ပလို့ )ကားဟားဟားတွေရ
အလိုဗျာ.........မှားဟားဟားဟား ပေစွ မှားဟားဟားပေစွတကား...ဟားဟား..(တူနယ်တယ် တူ့ နယ်တယ် တူ့ နယ် တယ့်နယ် တူးနယ့်တယ်နယ်တောင်)
...။
ကျွန်ုပ်တုတ်ကြီးသည် ဇာတ်ပိုးရှိသည်နှင့်အညီ မည်သူမျှ မမြင်ဘူးအထင်နှင့် အိမ်ပေါ်ထပ် ကျွန်းဘီရိုဟောင်းကြီးမှ သနပ်ခါးစက်များပေကျံနေသည့် ကိုယ်လုံးပေါ်
မှန်ကြီးရှေ့ တွင် တခါမှ အတူမနေလိုက်ရဖူးသော မိန်းမ၏ ပန်းနုရောင် ပိုး ထမိန်ကိုနှစ်ခြမ်းဖြဲကာ တောင်တို ပုဆိုးလုပ်လျှက် (လုပ်ချင်တာကတောင်ရှည်ပါ)
ဘောင်းဘီတိုပေါ်တွင်ပတ်၏။
ကွမ်းစားထားသော နှုတ်ခမ်းမဲမဲရဲရဲကြီးကိုထော်ပြီး ဘုရားပွဲတုန်းက ကလေးတွေ လက်ဆောင်ပေးရန် ဆိုသောအကြောင်းပြချက်ဖြင့်
ဝယ်ထားသည့်မင်းသား ခေါင်းဆောင်းစက္ကူဘောင်းတော်ကို ခေါင်းတွင်စွပ်၍ မှန်ရှေ့ တွင် ဟန်ရေးပြနေ၏။ ရွှေမန်းတင်မောင့်အသံကို အတုခိုးကာ ကြာနီကန်
လေသံဖြင့် ရောလျှက် ကိုယ်ပိုင် စတိုင် အဖြစ်မွေးယူရင်း တယောက်ထဲ မင်းသားကြီးလုပ်နေမိ၏။
လက်သင်သူနဲ့ဖျက်ချင်သူများကလည်းအများကလား ဦးမင်းရဲ့ ဟဲ့ဟဲ့.... ခေါင်းကို ကိုကြီးကျော်ဝင်နေသော ဓါးပြရုပ်နှင့်အခြောက်လုပ်နေသည့်နတ်ကတော် အထာဖြင့် ငြိမ့်ကာ ဘေးနားမှ ဖျာလိတ်ကို လူရွှင်တော်အမှတ်ဖြင့် လှမ်းမေးလိုက်၏ ။
ဖျာလိတ်ကလည်းစိန် တုတ် တုတ် ကို တုတ် တုတ်မှပင်လှုပ်မပြ ... ။
ဟိုး ရှေး က ရွှေပွဲလာ ပရိဿတ်ရေ... သားသား စိန်တုတ်တုတ်က မမ တွေကိုလည်း ချစ်တယ် ညီမလေးတွေကိုလည်းချစ်တယ် အမကြီးတွေလည်းချစ်တယ် တီတီကြီးတွေ ဆိုလည်း အလွတ်မပေးပါဘူးခင်ဗျနော် သားသားကို ငချွတ်ကလေးထင်တော်မမူကြပါနဲ့ စင်တော်ဆိုတာ ထင်ပေါ်မှရောက်တာကလားဗျ ဟု သံနေသံထားဖြင့်တကိုယ်တည်း ညုရင်း
လက်ထဲက ဖော့ပန်းကုန်းကြီးကို စိတ်ပါလက်ပါဆောင့်ဆွဲလိုက်ရာလည်ပင်းမှတင်းကနဲ ကြိုး ရှသွားသလိုလို ။
ဒီတော့ ခါးကိုအနည်းငယ်ကုန်းပြီး ပရိဿတ်ကို ဦးညွှတ်ဟန်ပြုလျှက် ညာခြေကို နောက်သို့  ဖွဖွလေးထိုးကာ ဆုတ်လိုက်တော့ ထမိန်ကွဲစတက်နင်းကာ ဖင်ကဟောင်းကနဲ ပြောင်မတတ် တော်ပေသေးရဲ့ တရုတ်ဘောင်းဘီတိုကြီးဝတ်ထားမိပေသေးလို့ ။
တချက်မှတော့ ကျွန်ုပ် စိန်တုတ်ကြီးက အရှက်မရှိ။ ပြောင်၏။ ယောင်၏။ ထုံးစံအတိုင်းလည်းကြောင်၏။ ဒီတော့ ထပ်ပြီး တေးထပ် လိုလို ဘာလိုလိုလေးတွေဖြင့်
ဖြေဖျော်ရဦးမည်။ အလိုဗျာ.... လက်သင်သူ ရယ်... ဖျက်ချင်သူ တကယ်ရှိတာမသိလေရော့သလား .... ရော့အင့်... ၀က်ကင်ယူ ... လကွယ် .. ကြက်ကင်အတူ
ကိုက်ကြပါစို့ လားဟားဟား.... တူ့ နယ်တယ် တူ့ နယ် တယ် တူ့ နယ် တယ့်နယ် တူးနယ့်တယ့်နယ်လဗြောင်။
ပါးစပ်မှအသံလည်းဆုံး မင်းသားမိုးဝင်းတို့ ကိုသိန်းဇော်ကြီးတို့ စင်ပေါ်မှာ ဖင်ထိုင် ချ ထိုင်ရင်း လက်ကလေးနှစ်ဘက် ဘယ်ညှာယှက်သလို ကော့ထားပြီးခေါင်းကို တငြိမ့်ငြိမ့်ဖြင့် အတောလေးသတ်လိုက်၏ ။
ပြသနာက ကျွန်ုပ်ခေါင်းက ရပ်မရတော့။ ထလည်းမရတော့ ။ လက်ကလေးဘယ်ညာယှက်ကာ ပိုက်ထား သလို ဟန်လေးကလည်း ဖြုတ်မရတော့။ ပါးစပ်ကလည်း အသံမထွက်တော့ တယောက်ထဲ မှန်ရှေ့ တွင် ဟန်ရေးပြရင်း အမြှပ်တစီစီထွက်အောင် တောင်စဉ်ရေမရတွေလည်းအော်ပြီးပြီ ကိုယ့်အတတ်တော့ကိုယ်စူးပြီ။ မတတ်နိုင်တော့ ကျွန်ုပ် လည်း ကျွန်ုပ်၏ မှန်ထဲက ပုံရိပ်ကို ကြည့်ရင်း အော် ငါ့နှယ် အဆို အပြော အက အရွ တွေ ကောင်းရဲ့
ခုတော့ များကွယ်...ဟုသာစိတ်ထဲကနောက်ပိုင်း မင်းသားကြီး ငြီးသလိုငြီးရင်း ငါလည်း NCGUB နဲ့ တော်တော် ဘ၀တူသွားပါကလားဟုသံဝေဂဖြင့် ..
စီးပွားရေးနဲ့ကြီးပွားရေးနဲ့သမီးရည်းစားရေးနဲ့အောင်ပါစေ...
ဇဗ္ဗူတ၀ှမ်းမှာ အူစမ်းဟဲ့ ငဒူတွေ အောင်ပါစေ ဟု စိတ်ထဲက သီဆိုရင်း ဇာတ်ပိုးကလည်းရှိသည်နှင့်အညီ ထမကနိုင်တော့သော်လည်း မျက်လုံး နှစ်လုံးကို ဟိုဖက်ထောင့်ကပ်လိုက်ဒီဖက်ထောင့်ကပ်လိုက်ဖြင့် ကကွက်ဆင်နေခိုက်
မတော်လိုက်ရသော ယောက္ခမကြီး၏ တူမလေးက “အောင်မယ်လေး ဦးတုတ်ကြီး မင်းသားကြီး လုပ်ရင်း ရူးသွားပြီတော့်” ဟုသော အော်ပြောသံကိုသာနောက်ဆုံးကြားလိုက်ရပါတော့၏ ................။
တုတ်ကြီး ခေတ္တ တာဝတိံသာ
ဒေါက်တာ လွဏ်းဆွေဘလော့တွင်ဖော်ပြပြီး
Posted by Nyein Zay Oo at 6:10 AM 0 comments
Labels: satire
