ပြည်တော်ပြန် ဇရက်မင်း မပုနှင့် စူဇကာ တုတ်ကြီး

Wednesday, August 13, 2008

ကျွန်ုပ်သည် ရေချိုးကန်ထဲတွင် မိမိရရ ကျကျ နန စိမ်ရင်း ခေါင်းလျှော်ရည်ဘူးကို ယူကာ ဘယ်ဘက်လက်ဝါးထဲသို့ ဖျစ်ချလိုက်သည်။
မွှေးလိုက်တဲ့စပါယ်နံ့ကလေးပါလား ။
ပူနွေး အငွေ့ တဟုန်ဟုန် ထနေသော ရေပူထဲတွင် တုတ်ကြီးသည် ဘင်္ဂလား ကျွဲ ရေချသကဲ့သို့ အကြိုက်တွေ့နေရင်း ဘယ်လက်ထဲမှ ခေါင်းလျှော်ရည် တို့ကို ဆံပင် ကြားသို့ သုတ်ကာ အသေအချာ ကုတ်ခြစ် ဖွညှစ် အမြှပ်ထွက်စေပြီး
စံပါယ်နံ့ကို အရသာခံကာ ရှူရှိုက်နေရင်း အတိတ်ကာလတခုသို့ပြန်လည်အလည်အပတ်သွားမိတော့၏။




တုတ်ကြီးအလောင်းအလျာဖြစ်သော ကျွန်ုပ်က ဘောင်းဘီတိုကလေးဖြင့် မနက်စောစော အိမ်ပေါ်ထပ်မှပြေးဆင်းလာခဲ့၏။
အဘိုးဖြစ်သူက ရွှေတိဂုံ ဘုရား တနင်္ဂနွေ တံမြက်စည်းအသင်းတွင် ဖွန်ကြောင်ရန်တခုတည်းသောရည်ရွယ်ချက်ဖြင့် အလွန်အင်မတန်တံမြက်စည်းသိမ်းချင်နေသော အကိုဝမ်းကွဲဖြစ်သူအား
မြည်တွန်တောက်တီးနေ၏။

တုတ်ကြီးကမသိချင်ယောင်ဆောင်ကာ ဦးလေးဖြစ်သူများ နိုးလာမည့်အချိန်ကို ဗိုက်တဂွီဂွီဖြင့် စောင့်နေခိုက် အဒေါ်အလတ်ဖြစ်သူက “ဟဲ့ မောင်တုတ်ကြီး မျက်နှာသစ်ပြီးပြီလား ”
“ဟုတ်ကဲ့ ..သစ်ပြီးပြီ”
“ ဒါဆို လာခဲ့ငါ့အခန်းထဲကို သနပ်ခါးလိမ်းရမယ်” ။
တုတ်ကြီး စိတ်ပျက်သွားရပြီ မနက်တိုင်း သနပ်ခါးပါးကွက်ကြား ကြီးဖြင့် ပဲဟင်းအိုးထဲပြုတ်ကျသော
ကြွက်စုတ်ကဲ့  သို့ ခံစားရ၏ ။သို့သော် သနပ်ခါးအလိမ်းမခံလျှင် ရာဇ၀တ်အိုးဒုတ်နဲ့ ထိုးတာကမှ
သက်သာပေလိမ့်မည် ဆိုတော့ကာ တုတ်ကြီး ကုတ်ကုတ်ကလေးပင် အဒေါ်လတ်၏ အခန်းထဲသို့ ၀င်သွား၏ ။

အဒေါ်လတ်က မှန်တင်ခုံ ဘေး မှ ကျွန်းစင်လေးပေါ်ကကျောက်ပြင်ပေါ်မှ ရှင်မတောင်သနပ်ခါးအရည်ကျဲများကို ညာလက်ညှိုးဖြင့် ပယ်ပယ်နယ်နယ်ယူကာ တုတ်ကြီး၏ ခေါင်းကို ဆယ်ပေါင်တူဖြင့် ဖိသကဲ့သို့ ဖိရင်း ကျကျ နန လိမ်းကျံပေးပေတော့၏။
အနှီသနပ်ခါးလိမ်းခြင်း ကိစ္စပြီးပြန်တော့ တုတ်ကြီး၏ ဆံပင် စုတ်ဖွား ထိုးထိုးထောင်ထောင်ကို အုန်းဆီဖြင့် ကျကျ နန လိမ်းပေးကာ ဆင်ဆွယ်ဘီးကလေးဖြင့် ဘေးခွဲ ခွဲပေးလိုက်၏ ။
ခုတော့ မောင်တုတ်ကြီး ဘိုကေ ဘေးခွဲနှင့် သနပ်ခါး ပါးကွက်ကြားဖြင့် တအိမ်လုံး လဲ ကာလနဂါးမှအစ နိုးကြပေပြီ။

ဦးလေးဖြစ်သူ များက လမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ချီတက်တော့မည်။
တုတ်ကြီး က အိမ်မှာ ဆို အငယ်ဆုံး တုတ်ကြီးထက်ငယ်တာ က အိမ်က အမြီးမပါသည့် ခွေး ပဲရှိတော့သည် ထို့ကြောင့် အကိုများကလက်ဖက်ရည်ဆိုင် ထိုင်ထိုင် အပြင်သွားသွား
မည်သည့်အခါမျှ တုတ်ကြီးကို အဖက်လုပ်ကာမခေါ်ကြ။

ဦးလေး အငယ်က “ တုတ်ကြီး ရေ ဒီနေ့ ငါတို့ ရွှေ တိဂုံသွားကြမယ် အပုတို့ သားအမိလိုက်ပို့ဖို့ကွ မင်း အဘိုး က မင်းပါခေါ်သွားလို့ပြောတယ် ”
“ဟမ် ..လက်ဖက်ရည်ဆိုင် မထိုင်တော့ဘူးလား မြေနီကုန်းက ဒေါ်တင်တင်အေး မုန့် ဟင်းခါးလေး မ၀ါးရတော့ဘူးလား” တုတ်ကြီး နည်းနည်းတော့ စိတ်ပျက်သွားမိ၏ သို့သော် အဘိုးအမိန့်ကို ဘယ်သူမှ လွန်ဆန်ရဲတာမဟုတ်။
“ အော် မင်းကလဲ လမ်းကြုံနေတာပဲ အရင် ၀င် ၀ါးမယ်လေကွ ပူတတ်ရန်ကော”
ဂလု ....၊တုတ်ကြီးရင်ထဲမှ အလုံးကြီးကျသွား၏။


တုတ်ကြီးတို့ ခြံနှင့် ဘေးချင်းကပ်လျှက် ခြံမှ ဒေါ်သိန်းတင်တို့ မိသားစုသည် ဗြိတိန်နိုင်ငံသို့ ထွက်သွားခဲ့သည်မှာ လေးငါးနှစ်ခန့်ရှိပေပြီ ထိုအိမ်ကြီးတွင် ဒေါ်သိန်းတင်၏ မိဘနှစ်ပါး ဖြစ်သော ဦးလှ မောင် တို့ လင်မယားသာကျန်ခဲ့၏။
ထိုအဖိုးကြီး အဖွားကြီးများသည် အလွန် မတန် ကလေးချစ်တတ်သဖြင့် တုတ်ကြီးအတွက် ဂွင် ကောင်း တခု တုတ်ကြီးသာ မမိုက်မဲပဲ ထို ပညာရပ်နှင့်အတွေ့အကြုံကို နိုင်ငံရေးလောကထဲတွင် လက်တွေ့အသုံးချပါက ယခု နာမည် ကျော်ကြားလူကြိုက်နည်းနေသော
ဆရာများ နောက်ကောက် အတိအကျ ကျသွားနိုင်လောက်သည်အထိ ထို အိုကြီးအိုမ ဇနီးမောင်နှံဆီမှ ညာစားခဲ့သည်။

ယခုတော့ ဒေါ်သိန်းတင် တို့ မိသားစု မြန်မာနိုင်ငံသို့ ခနပြန်လာလည်သဖြင့် အိမ်မှ ကားကို ခနယူသုံးမည်ဖြစ်ပြီး ဦးလေးလုပ်သူက ဒရိုင်ဘာ လုပ်ကာ တုတ်ကြီးကတော့ စပါယ်ယာ လုံးလုံးဖြစ်ရပြီ ။ မဟာဘုတ်ထူရန်မလို အင်္ဂ၀ိဇ္ဖာပညာဖြင့်တွက်ရန်မလို လုံးဝ ဥဿုံ ကျိန်းသေနေပေပြီ။

ကျွန်ုပ်နှင့် ဦးလေးဖြစ်သူ သည် ကားကလေးဖြင့် ဒေါ်သိန်းတင်နှင့် သူ၏ သမီး ဖြစ်သူ မမပုအားသွားကြိုကြ၏။
တုတ်ကြီးက ရှေ့ ခုံမှာ ထိုင်၏ ။ နောက်ခုံမှာ မမပုနှင့် ဒေါ်သိန်းတင်တို့ ထိုင်ကြ၏။

မမပုက ကျွန်ုပ်အားကြည့်ကာ “ဟယ် မောင်လေး တုတ်တုတ် ၊ မမတို့ထွက်သွားတုန်းက တကယ့် ကလေးလေး ကြည့်စမ်းပါဦး”
ကျွန်ုပ်စိတ်ထဲ တွင်တော့ “ဟမ် ဟုတ်ပြီလားလေ ဟိုတုန်းကတော့ ကလေးလေးပေါ့ဗျ အဲဒီထက် ပို ပြီး ကြာရင် ကျုပ်အမေဗိုက်ထဲမှာပေါ့ ဟုတ်ဘူးလား” ဟု တွေးနေမိစဉ်
မမပု က သူ့ ပါးစပ်မှ တဆက်တည်း ပင် “ အိုး .. ဆိုး ဟော့” ဟု စတင်ငြီးတွားလိုက်ပါ၏။

ကျွန်ုပ်ကတော့ ဆိုးဟော့တွေ ဖိုးကြော့တွေမသိ လက်နှစ်ဘက်ကို ဗိုက်ပေါ်တင်ကာ ကျကျနန ကားကူရှင်ကို မှီရင်း အရသာခံလိုက်ပါလာတော့၏။
သို့ဖြင့် မြေနီကုန်း ဒေါ်တင်တင်အေး ဆိုင်တွင် မုန့်  ဟင်းခါးဝင်ဝါး၏ ။
တုတ်ကြီး နှစ်ပွဲဝါးလိုက်၏ ။
ဒီတခါလဲ မမပုက “ အိုး ...ဆိုးဟော့ မန်မီ”..
ဘာတွေများ ဆိုးဟော့ပါလိမ့် မမပုရယ် လို့တော့ကျွန်ုပ်တွေးမိ၏။

သို့ဖြင့် စားသောက်ပြီးနောက် ရွှေတိဂုံဘုရားသို့ ဦးတည် ထွက်လာခဲ့ရာက ကားကလေးသည် ဦးဝိစာရ အ၀ိုင်းနားသို့ရောက်သောအခါ ရိုးသားစွာ သမ္မာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြသော စပါယ်ပန်းသည် တို့ ကိုတွေ့ရ၏။
ကျနော့်ဦးလေးက ကား ကို လမ်းဘေး သို့ဖြေးဖြေး ထိုးရပ်ကာ လှပမွှေးပျံ့  လွန်းသည့် စပါယ် ပန်းကုံး ဖြူလွအိညက် နုထွား လေးများ အား ၀ယ်လိုက်တော့...
မမပု က ဖင်ကြွသွားကာ ယောင်ထ လိုက်သည်ကို နောက်ကြည့်မှန်မှ ကျွန်ုပ်မြင်လိုက်ရချိန်တွင် “ အိုး..... အိုင် နိုး .... အိုင်နိုး သဇ် စမဲလ် .... မန်မီ ...အိုင်နိုး...”
“ရက်စ်..ရက်စ်.... အိုင် ဂေါ့ ထ် အစ်ထ် ... ဂျက်ဇမင်း..... ဂျက်ဇမင်း...... ” ဟု ပါ အော်လိုက်ပေတော့၏။

ကျွန်ုပ်စိတ်ထဲတွင် လွန်ခဲ့သော လေးငါးနှစ်က နိုင်ငံခြားသို့ထွက်သွားသော အင်မတိအင်မတန် မှတ်ဥာဏ်မကောင်းတော့သည့် မမပုအတွက်စိတ်ထဲတွင် မကောင်း၊ ထို့ပြင် မမပု ပြောသော ကျွန်ုပ်လုံးဝ နားမလည်သည့် ဘာသာစကားများကိုလည်း
တံတွေး တွေ တလှေကြီးထွက်အောင် ပြောချင်စိတ်လေးတော့ဖြစ်လာမိကာ စိတ်ထဲတွင် မမပု ပြောသည့် အရာများအား မှတ်မိအောင် အထပ်ထပ် ပြန်ရွတ်ရင်း ဘုရားသို့ရောက်ခဲ့သည်။

ဘုရား ပေါ် က ပြန်ဆင်းလာ ၊ မမပုတို့သားအမိ သူတို့ အိမ်ပြန်ပို့ပြီးနောက် တူဝရီးနှစ်ယောက် လမ်းထိပ်လက်ဖက်ရည်ဆိုင်ဘက်ပြန်လှည့်လာကြတော့ မမပု ပြောသော စကားအားလုံးလိုလိုလောက်နီးပါးကို မေ့ လုနီးပါးဖြစ်သွားလေပြီ။

လက်ဖက်ရည်ဆိုင်တွင် ပဲပလာတာကို ပြူးတူးပြဲတဲစားရင်း မမပုပြောခဲ့သမျှ ထဲက ရေရေလည်လည် မှတ်မိသည့် စကားလုံးမှာကား “ အိုး ဇရက်မင်း ” ဟုသာဖြစ်ခဲ့ပြီး ထိုဇရက်မင်း ဆိုသည့် စကားကို မမေ့ရန် လည်း ပြောခဲ့သော သူ၏ နာမည်နှင့်ပါ တွဲလျှက် ယနေ့တိုင်
မှတ်မိနေခဲ့သည်မှာကား ဇရက်မင်း မပု ဟူ၍ ဖြစ်လေသတည်း။
တုတ်ကြီးသည်ရေချိုး ကန်ထဲမှ လက်ကိုင် ကွင်းကလေးကို အားပြုထလိုက်ပြီး ယနေ့ခေတ်၏ မြောက်မြားလှစွာသော ဇရက်မင်း မပုများအကြောင်းတွေးရင်း သီချင်းလေး တအေးအေးဖြင့် ဇရက်မင်းစည်းစိမ်ခံကာ ညစာ စားရန် ပြင်ဆင်ရဦးမည် ဖြစ်သဖြင့် မွှေးပွကိုယ်သုတ်သဘက်ကလေး ခါးပတ်ကာ မီးဖိုဖက်သို့ “ အိုးမိုင်း ဒါလင်..အို့  အို့ အို့ ....ပစ်မသွားနဲ့ မုန်းမှာစိုးပါတယ် ....” ဆိုသည့် ကော်ပီသီချင်းကိုဆိုကာ ယောင်းမကို လက်တဖက်ဖြင့် ယူလိုက်ပါတော့၏။



တုတ်ကြီး ခေတ္တ တာဝတိံသာ

4 Comments:

Anonymous said...

oh my gosh!!!!

Anonymous said...

so hot!!!!

Anonymous said...
This comment has been removed by the author.
သက်တန့် said...

ကောင်းတယ် ကိုတုတ်ကြီးရေ အကို့သရော်စာတွေက ရေလည်မိုက်တယ် များများလေးရေးပါဦး စောင့်ဆတ်နေပါတယ်ဗျာ