Thursday, August 21, 2008
ဆရာ့ဆရာကြီးအားလုံး၏ ပုရောဟိတ်အားလုံး ပဏ္ဍိတ အားလုံး ဂုရုအားလုံး၏ မဟာ့မဟာ ဂုရုလေသံဖြင့်
Movie review, book review နိုင်ငံရေးအခြေအနေ review စသဖြင့် တခုခုကို ပြူးပြဲ ၊ ဆွဲလှန် အတင်းကန်ရော
လူအထင်ကြီးဖို့ ငါကွ၊ ငါဟဲ့၊ ငါတော့်၊ ငါလကွယ့် ဟု မသိမသာ ပါးပါးလေး လုပ်လိုစိတ်တွေက ထင်းကနဲ ၀င်းကနဲ လင်းကနဲ ပေါ်လာလိုက်သည်မှာ ပေါက်မြောက် တော့မည့် ယောဂီတဦး ဥဂ္ဂဟ နိမိတ် များရသကဲ့သို့။
ကိုယ့်လူတွေ ၊ ကိုယ့်ခေတ်ပြိုင်တွေ၊ ကိုယ့် ဧရာဝတီတွေ ၊ ကိုယ့် မဇ္ဈိမတွေ ၊ ကိုယ့်ကြေးမှုံတွေ ၊ ကိုယ့် မြန်မာ့အလင်းတွေ (ဟာရောကုန်ပါပြီ သတင်းစာသည် ဖြစ်ပါပေါ့လား) ကိုယ်နှင့်တခေတ်ခြင်း ဖြတ်သန်းလာသူတွေ(ခေါင်းနှင့်မဟုတ် ကိုယ်နှင့်) ၊ ထွီ …..တော်ဇမ်းဘာ.. စကားပြောရင် စာရေးရင် ကိုယ်တို့က ကိုယ်တို့က ၊ သူများကိုပြောလိုက်ရင် ကိုရင်တို့က.. မောင်ရင်တို့က ဆိုတဲ့ အင်မတန် ဒညင်းသီး ဆားစိမ် ၊ တမာရွက်ပြုတ် ငပိရည်တို့စရာတို့ဖြင့် စားထားပြီးသား သေးဖြင့်သာ အခွက်ကိုကော့ပန်း ပစ်ချင်စရာကောင်းသည့် အသုံးအနှုန်းများ ဖြင့် မသိမသာ ကြောကြောမောမော ဆက်ဆံတတ်သော ခွေးမသားများကို ဒေါက ကန်မိနေပြန်ပါပြီ အော် ဒုက္ခ..ဒုက္ခ..။
ကဲပါလေ…ဆက်စရာ ရှိတာကို မုဒိတာ ပွား ၊ ဥက္ခောထားဆက်ဦးမှဖြစ်ပေတော့မပေါ့…..။
ကျွန်ုပ်သည် ပျင်းပျင်းရှိလှသဖြင့် ကိုယ်ပိုင် ပိဋကတ်တိုက်မှ စာအုပ်ကလေးများအား တအုပ်ချင်း ပြန်လည် စီတန်း ဖုံသုတ်နေရင်း ဘိလပ်မှ ထုတ်သော စာအုပ်များ ကြားတွင်ညှပ်ထားသော စာအုပ်အပါးသေးသေးလေးများကို သေချာယူကာ ပြန်စီမည်လုပ်ရင်း တခုသော စာအုပ်ပါးလေး အဖုံးကိုဖတ်ကြည့်သော အခါ ဂုရုကြီး George Orwell ၏ How the poor die ဆိုသော စာအုပ်အပါးကလေးကိုတွေ့ တော့နိပ်ပြီ အတော်ပဲ ငါ Essay Review ရေးပြီး ဆရာလိုလို သမားလိုလို ရမ်းကုလိုလို ကွက်စိတ်ဆရာလိုလို ဦးရှင်ကြီးပင့်ဆရာလိုလို လုပ်လို့ ရပြီ ဟု အကြည်ဓါတ်ပေါက်ကာ ထိုစာအုပ်ပါးလေးအား သူ့နေရာသူ ပြန်ထားပြီးသကာလ သမိန်ပေါသွပ် ပါဝင်သော မင်္ဂလာ လက်ဆောင်စာအုပ်ကို ကောက်ယူကာ စာကြည့်မျက်မှန် ကလေးကို ကောက်တပ်လိုက်မိပါတော့၏။
သမာဓိအားကို အပြည့်အ၀ စုစည်းကာ လေ့လာသူ ပညာရှင်တဦး၏ ခွဲခြမ်းစိတ်ဖြာ ဆင်ခြင် ကြံဆ ရမ်းရွှီး ၊ စွတ်အာ၊ ပေါက်ကရပြော ၊ ကြားဖူးနားဝ ကိုးကား မျက်နှာထားဖြင့် မျက်မှောက်ကြုတ်ရင်း လေသာပြတင်းဖက် ခပ်ငေးငေး ခပ်တွေးတွေးကြည့်ရင်း သက်ပြင်းရှည်ကြီး ကို အသံထွက်အောင်ချရင်း အသံမထွက်အောင် အိးကို ပေါက်ထုတ်လိုက်မိပါတော့၏။
မဖြစ်သေး…. ။
သမိန်ပေါသွပ် ပါဝင်သော မင်္ဂလာလက်ဆောင်ဆိုသည့် စာအုပ်ကို နောက်မှ review ရေးမည်။ မည်သူမျှတော့ ကိုယ့်ထက်အရင်ခေါင်းစဉ် တမျိုးမျိုး တပ်၍ လူတတ်ကြီး မ တတ်ကြီး မတ်တပ်ကြီး မလုပ်လောက်ပါဘူး လေ ။
သို့သော် စိတ်မချရ။ ကိုယ့်ဟာနှင့်ကိုယ် သမိန်ပေါသွပ် review အတွက်ပြင်းထန်သော အတွေးအခေါ်တိုက်ပွဲ ဆင်နွှဲနေရင်း ခေတ်ကာလ အခြေအနေနှင့်ကိုက်ညီသော ကြားဖူးခဲ့သည့် ပုံပြင်လေးတပုဒ်အား သတိရမိပါတော့၏။
လွန်လေပြီးသော အခါတပါးက..
ရာဇဂြိုလ်ပြည် နှင့် ဘယ်လို နည်းနှင့်မျှ မပါတ်သက်သော တိုင်းပြည်တပြည်ရှိ၏။
ထိုတိုင်းပြည်တွင် အနာတပိန်သူဌေးကြီး နှင့် ဘာမှမတော်စပ်သည့် ပွေးဝဲယားနာ(ဘီလျံနာထက် နာသော) သူဌေးကြီးတဦးနေထိုင်လေ၏။
ထိုသူဌေးကြီးနှင့် တခါမှ မသိသလို တသက်လုံးသေသည်အထိ မတွေ့ဖူး မကြားသော အရူးတယောက်လည်း ထိုတိုင်းနိုင်ငံတွင် နေထိုင်ကာ ထိုအရူး သည်လည်း တိရိစ္ဆာန်တို့ပြောသော မဂဓ ဘာသာ စကားအား လုံးဝမတတ်ကျွမ်းပေ။
ထိုအရူးသည် တရွာလုံးကို ဒုက္ခမပေးသော်လည်း ညရောက်လျှင် တညလုံး မအိပ်ပဲ “ငါကွ..ငါကွ ..တုတ်ကြီးကွ”
ဟု မနားတန်း အော်တတ်၏။
တနေ့သောအခါ ထိုအရူးအား ရပ်ရွာမှ ချော့မော့ကာ ဆေးဆရာကြီး ဇီဝကနှင့် လုံးဝမပတ်သက်သည့် ပရောဂဆရာ ဒေါက်တာရမ်းကု တဦးထံသို့  ရပ်ရွာ စားရိတ်ဖြင့် နားငြီးသက်သာပြီးရောဟူသော သဘောဖြင့် လိုက်ပါ ပို့ ဆောင်ပေးလိုက်ကြ၏။
ပရောဂဆရာ ဒေါက်တာရမ်းကု ၏ လက်ချက်ဖြင့် အရူးမှာ တဖြေးဖြေး စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထားသို့ရောက်ရှိလာပြီဟု အားလုံးသော ပုထုဇဉ်တို့ ယုံကြည်ရမလိုဖြစ်လာသော ကာလတွင် ပရောဂဆရာ ဒေါက်တာရမ်းကု က အရူးအား ဇာတိဌာနေသို့ ပြန်ခွင့်မပေးခင် နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ စမ်းသက်ချက်အဖြစ် မေးခွန်းအချို့ကို စတင်မေးပါတော့၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ကဲ…ကိုတုတ်ကြီး ရေ ခင်ဗျား အိမ်ပြန်ရတော့မယ်ဗျ မပျော်ဘူးလား။
အရူး။ ။ ပျော်ပါသော်ကော ဆရာရယ် .. အိမ်က နွားမဒမ်းမလေး ဇီးကပ်တာထက်ပိုပျော်တယ်။
ပရောဂဆရာ ဒေါက်တာရမ်းကု မှာ အရူး၏ အဖြေကို သဘောကျစွာကောက်ချက်ချလိုက်သည်မှာ “အင်း..ဟုတ်ပေသားပဲ နွားမလေးကိုယ်ဝန်ရှိ၊ နွားလေးမွေး၊ နွားနို့ ညှစ် ”
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ဟုတ်ပြီဗျာ..ကိုတုတ်ကြီး.. နောက်ဆုံး မပြန်ခင် ခင်ဗျားကို မေးစရာလေးတခုမေးမယ်နော်။
အရူး။ ။ အောင်မယ်လေးဆရာရယ် အချင်းချင်းတွေပဲ မေးစမ်းပါ မေးပစ်လိုက်စမ်းပါ တုတ်ကြီးတို့ကဒါမျိုးဆို သိပ်ဖြေချင်တာ ဘီဘီစီ၊ ဗွီအိုအေ၊ဒီဗွီဘီ၊ အာအက်ဖ်အေ နဲ့ အင်တာနက် မဂ္ဂဇင်းတွေက လို ဟောဒီက ဒေါက်တာရမ်းကု က အချွန်နဲ့ မ မ ဘူး ဆိုတာ တုတ်ကြီးတို့ကသိပြီးသား ။
အရူးက ပြုံးပြုံးကြီးဖြေလျှက် လက်နှစ်ဖက်ပိုက်ကာ ကုလားထိုင်တွင်သက်တောင့်သက်သာမှီလိုက်၏။
မှီပြီးကာမှ သတိအနေအထားဖြင့်ခါးကိုပြန်မတ်ကာ လက်ဖ၀ါးနှစ်ဘက်ကို တေ့ကာ လက်ညှိုးလေး နှစ်ချောင်းကို ထိလိုက်ခွာလိုက် လုပ်ပြီးမှ ပြန်မှီ၏။ ပြီးတော့ မျက်နှာကြက်ပေါ်မှ စုတ်သပ် နေသော အိမ်မြှောင် ကို ပြုံးလျှက်စိုက်ကြည့်နေ၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ကဲ …ကိုတုတ်ကြီး ဒါဆို မေးမယ်ဗျာနော်။
အရူး။ ။ အဆင်သင့်ပဲဆရာရေ လည်ချောင်းတော့ရှင်းပါရစေ.. အဟမ်း….အဟမ်း.. ကဲ ရပြီ မေးပေတော့ဆရာ။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ကိုတုတ်ကြီး တကယ်လို့ ခင်ဗျားကို ကောင်မလေးတစ်ယောက်က ကြိုက်နေတယ်ဗျာ…။
စကားမှမဆုံးသေးအရူးက ကြားဖြတ်လျှက် “ တကယ်လား ဆရာ….ချောမှဖြစ်မယ်နော် ချောမှ နောက်တော့ ယင်ဖိုတောင်မသမ်းမှဖြစ်မယ်” ဟု ပြောလည်းပြော မေးလည်းမေး သဘောထားလည်းပေးကာ ပြုံးစိစိဖြင့်
နောက်ထပ်မေးလာမည့်မေးခွန်းကိုစောင့်နေတော့၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ဟုတ်ပြီဗျာခင်ဗျားပြောသလိုမိန်းကလေးပါပဲ ….၊ ဆိုကြပါစို့
အဲဒီ မိန်းကလေးနဲ့ ခင်ဗျား အခု ဟောဒီအခန်းထဲမှာ နှစ်ယောက်ထဲ ရှိတယ်ဗျာ သူကလည်းခင်ဗျား သဘောရှိပါ ကိုကိုတုတ်ရယ်လို့ ပြောပြီ ခင်ဗျား ဘာဆက်လုပ်မလဲ…။
မေးခွန်းဆုံးသောအခါ အရူး၏ မျက်နှာသည် ရေနံဆီလောင်းခံလိုက်ရသော နေမင်းကြီးကဲ့သို့ တောက်ပ၀င်းထိန် လင်းလက်ကာ ပြုံးနေလိုက်သည်မှာ ပါးစပ်ပေါက်ကြီး နားရွက် နှစ်ဖက်သို့ ချိတ်မတတ်ပင် ။ ထို့နောက်အရူး၏ မျက်နှာ အမူအရာသည် ရှက်သလိုလို ချီတုံချတုံ ဖြစ်သလိုလို ပြောင်းလဲလာပြီး….“ဟာဂျာ…ရှက်ချာဂျီး..ဆရာကလဲ ” ဟု စကားပင် မပီတော့ပဲ ပြန်ပြောလိုက်၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဟာမရှက်ပါနဲ့ဗျ… ကိုတုတ်ကြီးကလဲ ဒါ သဘာဝတရားပဲ မဟုတ်ဘူးလား ။
အရူးသည်ချက်ခြင်းပင် ကျွမ်းကျင်သူတယောက်၏ မျက်နှာပေးဖြင့်..“အိမ်း..ဟုတ်ပေသားပဲ …ဂေါတမ ဘုရားရှင်တောင်မှ အနော်မာသောင်ကို မြင်းစီးပြီး ကူးခဲ့ရသေးတာပဲ ” ဟု ဘာမှ မဆိုင်သော်လည်း မမှားသော စကားကိုပြောလာ၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ကဲ ..ကိုတုတ်ကြီးရယ် စောစောက အခြေအနေမျိုး ဖြစ်ရင် ခင်ဗျား ဘယ်လိုဆက်လုပ်မလဲ…။
အရူး။ ။ သြော်… ဆရာရယ်… ။ သူကလေးက ..မေတ္တာကလဲရှိ ၊မျက်စိကလဲကျ ၊ဟော်မုန်းကလဲကြွ အရွယ်ကလဲရှိ ၊ ဟောဒီက ကိုကိုတုတ်နဲ့ ကလဲ တခန်းထဲ အတူဆိုမှတော့..ဟား..ဟား…ဟား..ဟား…ဟား….
ဘယ်ပြောကောင်းမလဲဆရာရယ် ဟု ပိုင်ပိုင်နိုင်နိုင်ကြီးပြောချလိုက်ပြီး ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် မျက်နှာပိုးသပ်ကာ ငြိမ်သွားတော့၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဟုတ်ပြီဗျာ ။ ပြောမကောင်းတာလေးတွေကြားချင်နေတာဗျ ပြောစမ်းပါ ဈေးမကိုင်ပါနဲ့။
အရူး။ ။ သြော် ဝေးလိုက်တာ ဆရာရယ်…. သူကလေးက ကိုယ့်ရည်းစားသနာ ပဲကိုး ဒီတော့ အရင်ဆုံး
ညီမလေး ကိုကိုတုတ်ဖက်မယ်နော်…………..ပေါ့ဗျ။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဖက်ပြီးတော့…..?
အရူး။ ။ ဖက်ပြီးမှတော့ အရူးလားဆရာရယ် လက်တွေက ရေလည်မြန်ရတော့ အသက်ရှူသံတွေက ပြင်းလာမယ် လုံးဝ ကွက်တိလှုပ်ရှားရမယ်လေ ..ဒီတော့ သူ့ အပေါ်ရုံ အင်္ကျီကလေးကိုချွတ်မှာပေါ့….။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ပြီးတော့…………?
အရူး။ ။ ပြီးမှတော့…ရှင်မီးအင်္ကျီပဲကျန်တာပေါ့ဆရာရယ် တဆင့်ချင်းပေါ့… အဆင့် ခုနှစ်ဆင့်အတိုင်း ကြိုးတုတ်ပြီး မတရားကျင့်တာမှမဟုတ်တာပဲ ဒီတော့စိတ်ရှည်ရမယ် သဘောထားမှန်ရမယ် သက်ဆိုင်သူတွေ ကြည်ကြည်ဖြူဖြူ လက်ခံ နိုင်ရမယ်လေ ဗျာ။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဟုတ်ပါပြီဗျာ ကြည်ဖြူပြီတဲ့ အဲဒီ ခုနှစ်ဆင့်အတိုင်းမဟုတ်ဘူးဗျာ ဘာဆက်လုပ်မလဲဗျ….?
အရူး။ ။ဆြာရယ် ရှက်လာပီဂျ။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။မရှက်ပါနဲ့ ဆက်ပြောပါဗျ ကောင်းခန်းရောက်နေပြီ အဲဒီ ရှင်မီးအင်္ကျီလေးပြီးတော့ ဘာဆက်လုပ်မလဲဗျ။
အရူး ။ ။ အဲဒါပြီးတော့ အဟီး…. ထမီပေါ့ ဆရာရယ် ထမီပေါ့။
အရူး၏ အဖြေဆုံးသောအခါ ပရောဂဆရာ ဒေါက်တာရမ်းကုသည် အားတက်သရောဖြင့် သူ၏ လူနာ ပုံမှန်တွေးခေါ်စဉ်းစား လာနိုင်ပြီဟု ယုံကြည်ကာ မြောက်တောက်တောက်ဖြင့် စိတ်ထဲတွင် “ငါဟဲ့ ရမ်းကု..” ဟု သုံးကြိမ်မြည်ကြွေးလိုက်ပြီး ဆက်မေးပြန်၏။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ဟုတ်ပြီဗျာ အဆင့်တက်လာပြီ ..ကဲ ထမီကျွတ်ပြီ ဆိုမှတော့ ပွဲပဲဗျား..ဆက်ပါဦး ကိုတုတ်ကြီးရဲ့…။
အရူး ။ ။ ဟီးချက်တယ်ဂျာ…။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ မရှက်ပါနဲ့ ဆက်ပါဗျ …ရွာကို မွန်းမလွဲခင် ပြန်ရအောင်လေဗျာ နော် ဆက်ပြောပါဗျ။
အရူး ။ ။ ဆက်ဆိုလဲ ရှေ့မျက်နှာနောက်ထား နားထောင်ပါ ဆရာရယ် ။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။မပူပါနဲ့ ကိုတုတ်ကြီးရယ် ကျနော်က ရမ်းကုပေမယ့် ဒါမျိုးတွေကြားပေါင်းများလှပါပြီ ဆက်မှသာဆက်ပြောပါ။
အရူး။ ။အဲလိုထမီလေးလဲချွတ်ပြီးရော …. အတဲယေး ရဲ့ ဘောင်းဘီယေးကိုချွတ်။
ပီးယဲ ပီးရော အတဲယေးဘောင်းဘီယေးထဲက မျှော့ကြိုးကိုထုတ်ပြီး တနေကုန် တရေကွင်းကျစ်မှာပေါ့ဂျ……………..တရေကွင်းကျစ်မှာပေါ့…………….. ဟူသတည်း။
ပုံပြင်ထဲက အရူး တုတ်ကြီးကတော့ သရေကွင်းပစ် တမ်းကို ရေရေလည်လည်ကစားဖို့ အားခဲထားသလို ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများ ၊ နိုင်ငံရေးခေါင်းဆောင်များ ၊ ဘာအလုပ်မှ ဟုတ်တိပတ်တိ တကယ်မလုပ်သောအပြင်မှ ရသော အလကားရသည့်စာမျက်နှာများ တွင်သာ တက်တက်အာတတ်သည့် ၈၈ မျိုးဆက်များ ၊ ကိုးဆယ့်ခြောက်မျိုးဆက်များ ၊ ကျောင်းသားခေါင်းဆောင်များ ၊ ကျောင်းသူခေါင်းဆောင်များ။ အမျိုးသားခေါင်းဆောင်များ ၊ အမျိုးသမီးခေါင်းဆောင်များ ၊ နအဖမှ နွားကြီးများနှင့် အားလုံးသော ဆရာ ဆရာမကြီးများ တို့ သည် သရေကွင်းပျော်ပျော်ကြီး ပစ်လာခဲ့သည်မှာ အပျိုမလေး နှင့်တူသော မြန်မာနိုင်ငံတော်သည် ၀စ်လစ်စလစ်ဖြင့် ကြုံသည့်ကောင်ကတက်ခွသွားခဲ့သည်မှာ မည်မျှကြာခဲ့သည်ဆိုလျှင် မဆလ ခေတ် တွင်လူဖြစ်သော ကျွန်ုပ် တုတ်ကြီးပင် နှုတ်ခမ်းမွှေးဖြူစပြုပြီ မဟုတ်ပါလားဟု တွေးမိရင်း ကြီးကြီးကျယ်ကျယ် review တော်ကြီးများရေးရန် ယာယီလက်လျှော့ရင်း ကိုယ့်ဘောင်းဘီ ကိုယ်ဆွဲချွတ်ကာ မျှော့ကြိုးကို စိတ်ရှည်လက်ရှည် ထုတ်ခြင်း စတင်မိပါတော့၏။
တုတ်ကြီး ခေတ္တ တာဝတိံသာ
0 Comments:
Post a Comment